ဒီးမော့ဆိုမြို့နယ် ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်မှ စစ်ကောင်စီတပ်သားများတင်ဆောင် လာသော ယာဉ်တစ်စီး မိုင်းထိ၍ ထိခိုက်သေဆုံးသူအများအပြားရှိကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။
အရပ်သားမော်တော်ယာဥ်အဖြစ် ဟန်ဆောင်ထွက်လာသည့် စစ်ကောင်စီယာဉ်မှာ ဇန်နဝါရီ၂၆ ရက်က ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၉၏ မိုင်းနင်းမိခဲ့ခြင်းဟု ဆိုသည်။
“စကစအယောက် ၃၀ လောက်ပါတယ်။ဒန်ဘာကားက ထက်ခြမ်းကို ကွဲသွားတာ”ဟု ဒေသခံသတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ ယာဉ်ပေါ်တွင်တင်ဆောင်လာသည့် စစ် ကောင်စီတပ်သားများမှာ တိုက်ပွဲပြင်းထန်လျက် ရှိသည် ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်းသို့ စစ်ကူပို့ ရန် ထွက်လာခြင်းဟုလည်း သီးခြားသတင်းရင်းမြစ်က အတည်ပြုသည်။
သို့သော် အဆိုပါဖြစ်စဥ်တွင် စစ်ကောင်စီတပ် သားများ၏ ထိခိုက်သေဆုံးမှုကို လူထုနွေဦးအနေဖြင့် အတည်မပြုနိုင်သေးပေ။
“ကျွန်တော်တို့ သပ်သပ် ထုတ်ပြန်ပေးပါမယ်”ဟု KNDF တပ်ရင်း – ၉ တာဝန်ရှိသူက ပြောသည်။
တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။
