ရုံးရှေ့ထွက်လာသည့်စစ်အုပ်စုကို ဆိုင်ကယ်မိုင်းတပ်ကာ ထပ်မံတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ဇီးကုန်းမြို့တွင် ရွေးကောက်ပွဲအတွက်ပြင်ဆင်နေသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီအဖွဲ့ဝင်များအား လက်ပစ်ဗုံးဖြင့်ထုပြီး ရုံးရှေ့ထွက်လာသူများပါ ရှေ့ထွက်မိုင်းဖြင့်ပါ ထပ်မံတိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ(ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၁နာရီခန့်က ဟန်ပြရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့ပေါ်ရှိ စစ်အုပ်စုကို ၎င်းတို့ရှိရာ ထွေအုပ်ရုံးအတွင်းသို့ လက်ပစ်ဗုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ (ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။
ထို့နောက် ဗုံးပစ်ခံရ၍ ထွက်လာသည့် စစ်ကောင်စီအုပ်စုဝင်များကို ဆိုင်ကယ်တပ်ဆင်ထားသော ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိကြောင်း ဗိုလ်လင်းယုန်က ပြောသည်။
“သူတို့ထိုင်နေတဲ့ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်မိုင်းနဲ့ အရင်ပစ်ပြီး မျှားခေါ်ခဲ့တယ်။ မျှားခေါ်ပြီးမှ အဆင်သင့်ပြင်ထားတဲ့ဆိုင်ကယ်ထဲမှာထည့်ထားတဲ့မိုင်းနဲ့ သူတိုထွက်အလာမှာ ရမု(အဝေးထိန်းခလုတ်)နဲ့ လှမ်းခွဲတာ။ သုံးယောက်ပြင်းပြင်းထန်ထန်ထိတယ်လို့ကြားတယ်ဗျ။ အတိအကျတော့ မသိသေးဘူး။”ဟု လင်းယုန်နီ(ကန့်ဘလူ) တာဝန်ခံက ပြောသည်။
ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ကြပါရန်နှင့် ထိုသို့ ဟန်ပြရွေးကောက်ပွဲ ဖြစ်မြောက်ရေးတွင် ပါဝင်ပတ်သက်သည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မျိုးကိုမဆို လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လင်းယုန်နီ(ကန့်ဘလူ)က သတိပေးသည်။
