စစ်ကာင်စီတပ်သား ၁၀ဦး ဆေးရုံရောက်ဟုဆို
ပဲခူးတိုင်း၊ မိုးညိုမြို့နယ်တွင် တရားမဝင်ရွေးကောက်ပွဲ လုံးဝလက်မခံကြောင်း ဗီနိုင်းချိတ်ဆွဲထားသည်ကိုလာဖြုတ်သည့် စစ်ကောင်စီတပ် အား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မိုးညိုမြို့နယ်(ပ.က.ဖ) က ပြောသည်။
ဇန်နဝါရီ ၃၀ရက် နံနက် ၉ နာရီခန့်က မိုးညိုမြို့နယ် ဆုံကုန်းကျေးရွာအုပ်စုအနီး ကားလမ်းဘေး၌ ၂၀၂၃ ရွေးကောက်ပွဲ အလိုမရှိ၊ စစ်အာဏာရှင်မလိုမရှိ၊ မင်းအောင်လှိုင်အား ဆဲဆိုထားသည့် စာသားပါ ဗီနိုင်း ချိတ်ဆွဲထားသည်ကို လာဖြုတ်သည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်သား ဆယ်ယောက်လောက် ဆေးရုံရောက် သွားတယ်။ စစ်ကောင်စီတပ်က သတင်းဖျောက်ထားလို့။ သေမသေတော့ မသိရသေးဘူး”ဟု မိုးညို (ပ.က.ဖ)မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ် က ဗီနိုင်းချိတ်ဆွဲထားသည့်နေရာအနီးဝန်းကျင် လယ်စောင့်တဲများမှ ဒေသခံတောင်သူ ငါးဦးခန့်အား ဖမ်းဆီးပြီး စစ်ကောင်စီတပ် ခလရ (၁) အခြေစိုက်ရာ စိန်ကန့်လန့်ကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း အထက်ပါရဲဘော်က ဆက်ပြောသည်။
အထက်ပါ တိုက်ခိုက်မှုတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ ၄ (မိုးညိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။
