▪︎ မနှစ်မြိုစရာအာဏာသိမ်းမှုတတိယမြောက်နှစ်ကို ကျင်းပရန်လိုအပ်တော့မည်မဟုတ်ကြောင်း အသိပေး
စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမည်ဖြစ်ပြီး တရားဝင်မှု မရရှိစေရေး လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလက်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်သည့် ယမန်နေ့(ဖေဖော်ဝါရီ ၁ ရက်)တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်လက်အောက်မှာ ကာလရှည်ကြာ ဒုက္ခတွေခံစားခဲ့ရပြီးပါပြီ။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အပြည့်အဝကူညီထောက်ပံ့မှုကို ရရှိခံစားထိုက်ပါတယ်။ ဒါကြောင့် ဒီနေ့ ကျွန်တော်ပြောခဲ့သလို ကြိုးပမ်းအားထုတ်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ဒေသတွင်းနဲ့ ပြင်ပက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ စုစည်းညီညွတ်စွာ စစ်ကောင်စီကို တိုးမြှင့်ဖိအားပေးမှာဖြစ်ပြီး တရားဝင်မှု ရရှိတာကိုလည်းခွင့် မပြုခြင်း၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ပံ့ပိုးပေးခြင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးခြင်းတွေ လုပ်ဆောင်သွားမှာပါ” ဟု ဒဲရစ်ရှိုလက်က ပြောသည်။
ထို့အပြင် အမေရိကန်၏ မြန်မာ့အရေးကြိုးပမ်းဆောင်ရွက်ချက်များမှာ လာမည့်လများ၌ ယိမ်းယိုင်သွားမည်မဟုတ်ဘဲ ယခုအချိန်ကစ၍ တစ်နှစ်အတွင်း များစွာမျှော်လင့်ထားကြောင်းနှင့် မနှစ်မြိုစရာ စစ်အာဏာသိမ်းမှုတတိယမြောက်နှစ်ကို ကျင်းပရန်လိုအပ်တော့မည်မဟုတ်ကြောင်း တနည်းအားဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနေမည့်အချိန်ဖြစ်မည်ဟု အထက်ပါ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
အမေရိကန်သည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အခြားသော ဒီမိုကရေစီအရေးကြိုးပမ်းလုပ်ဆောင်သူများကို စွမ်းဆောင်ရည်နှင့် ထိရောက်မှုရရှိစေရန် ပိုမိုကူညီနိုင်ရေး တတ်နိုင်သမျှကို လုပ်ဆောင်ရန် ကတိပြုကြောင်း ထပ်လောင်းအသိပေးသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ NUG ၏ အကြီးတန်းခေါင်းဆောင်များကို မြို့တော်ဝါရှင်တန်၌ လူကိုယ်တိုင်နှင့် အွန်လိုင်းမှတဆင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့သည်ဟု ဆိုသည်။
