စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို
ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားလာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIAသတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။
KIAတပ်မဟာ(၃)၊ တပ်ရင်း (၁၅)နယ်မြေ မိုးမောက် – လွယ်ဂျယ်လမ်း လော့ဒန်ကျေးရွာအနီးတွင် ဇန်နဝါရီ ၃၁ရက် နံနက်ပိုင်းက စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ခဲ့သည်ဟု KIAက ဆိုသည်။
စစ်ကောင်စီတပ်က အင်အား ၁၀၀ကျော်ဖြင့် လော့ဒန်တောင်ကုန်းဘက် စစ်ရေးလှုပ်ရှားလာစဉ် KIAတပ်က မိုင်းဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့ကြောင်း ဖော်ပြသည်။
တိုက်ပွဲတွင် စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း KIAသတင်းပြန်ကြားရေးက ဆိုသည်။ တိုက်ပွဲဖြစ်ပွားအပြီးတွင် အနီးဝန်းကျင်ဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။
ယခင်ကလည်း အဆိုပါဒေသ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းတပ်အကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု အသိပေးသည်။
KIAတပ်မဟာ(၉) ၊တပ်ရင်း (၂၆)နှင့်တပ်ရင်း (၄၄)နယ်မြေအကြားရှိ ညောင်ပင်ကျေးရွာ တဝိုက်တွင်လည်း စစ်ကောင်စီတပ် ခလရ(၄၂)မှ စစ်အင်အား ၁၀၀ခန့်ဖြင့် စစ်ရေးလှုပ်ရှားလာ၍ အဆိုပါနယ်မြေ၌ တိုက်ပွဲများဖြစ်ပွားလာနိုင်ကြောင်း KIAသတင်းပြန်ကြားရေးက ဖော်ပြသည်။
