မကွေးတိုင်း မင်းဘူးမြို့တွင်အင်အားရစ်ချ်တာစကေး၄ဒဿမ ၅ အဆင့်ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားသည်။
မင်းဘူးမြို့တွင် ယနေ့(ဖေဖော်ဝါရီလ ၂ရက်)နံနက် ၆ နာရီ၃၀မိနစ်ခန့်က ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်ဟုဒေသခံများကပြောသည်။
” ငလျင်က လှုပ်တာ သိပ်မသိသာလိုက်ဘူး။ဒါပေမယ့် လှုပ်နေကြမဟုတ်တော့ လန့်တယ်”ဟု မင်းဘူးဒေသခံတစ်ဦးကပြောသည်။
အဆိုပါငလျင်သည် မြေအနက် ၅၆ ကီလိုမီတာဝန်းကျင်တွင် ဗဟိုပြုလှုပ်ခတ်သွားခြင်းဟု USGSကထုတ်ပြန်သည်။ USGS သည်ကမ္ဘာတစ်ဝန်းမြေငလျှင်လှုပ်ရှားမှုများကို စောင့်ကြည့်မှတ်တမ်းတင်ပေးနေခြင်းဖြစ်သည်။မြေအနက် ၁၀ ကီလိုမီတာ ထက်နည်း၍ လှုပ်ပါက ဇောက်တိမ်ငလျှင် ဟုခေါ်ပြီး ဖျက်အားပိုပြင်းပြီး ၊မြေအနက် ပိုနက်လေ ဖျက်အားလျော့ပါးသွားလေဖြစ်ကြောင်းမြေငလျင်ပညာရှင်များကပြောသည်။ယခုမင်းဘူးငလျှင်မှာ ရစ်ချ်တာစကေး ၄ ဒသမ ၅ ရှိသဖြင့် အင်အားအသင့်အတင့် ရှိသော်လည်း မြေအနက်တွင်လှုပ်ရှားသွားခြင်းဖြစ်၍ ဖျက်အားနည်းခဲ့ခြင်းဖြစ်သည်။
မင်းဘူးမြို့နှင့်ထိစပ်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့တွင်လည်း မြေလွှာလှုပ်ရှားမှုရှိခဲ့သည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းမန္တလေးနှင့်စစ်ကိုင်းပတ်ဝန်းကျင်တွင် ငလျင် ၆ကြိမ်ထက်မနည်းလှုပ်ခဲ့ပြီး ရှေးဟောင်းစေတီ ပုထိုးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့သည် ပုံစံအမျိုးမျိုး လှုပ်ရှားနေပြီးငလျင်ဘေးသတ်ပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်အချို့က သတိပေး ထားသည်။
