ပြည်ကြီးတံခွန်၊ မြစ်ငယ်၊ အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွား
ဒီကနေ့မန္တလေးမှာ ၈ နာရီအတွင်း ငလျင် ၃ ကြိမ် လှုပ်ခတ်သွားပြီး ငလျင်လှုပ်တာကို သိသိသာသာ ခံစားလိုက်ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
မနက် ၆ နာရီ ၄၅ မိနစ် ၊ နေ့ခင်းပိုင်း ၁ နာရီ ခွဲနဲ့ နေ့ခင်း၂ နာရီခွဲ အချိန်တွေမှာ ငလျင်လှုပ်ခတ်သွားတာလို့သိရပါတယ်။
အဲဒီ ၃ ကြိမ်ထဲက နောက်ဆုံး ၂ နာရီခွဲ မှာ လှုပ်တဲ့ ငလျင်ဟာ ပိုပြင်းတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
” နေ့ခင်း ၂နာရီခွဲကလှုပ်တာ တိုက်ပေါ်ကဆင်းပြေးရတယ်”လို့ တိုက်ခန်းနဲ့ နေထိုင်တဲ့ အဲဒီဒေသခံက ပြောပြပါတယ်။
ဒီနေ့လှုပ်တဲ့ ငလျင်တွေဟာ မန္တလေးတိုင်းထဲက ပြည်ကြီးတံခွန် ၊ မြစ်ငယ် ၊အမရပူရမြို့နယ်တွေနားမှာ ဗဟိုပြုပြီးလှုပ်ခတ်သွားတာပါ။
စစ်ကောင်စီရဲ့မိုးဇလ ထုတ်ပြန်ချက်အရ မနက် ၆ နာရီ ၄၅ မိနစ်မှာ ငလျင်ဟာ အင်အား ၃.၆ ရစ်ချ်တာစကေးရှိပြီး ပြည်ကြီးတံခွန်မြို့နယ် အရှေ့တောင်ဘက် ၂ မိုင်ခန့်အကွာကို ဗဟိုပြု ကာလှုပ်ခတ်တယ်လို့သိရပါတယ်။
နေ့ခင်းပိုင်း ၁ နာခွဲ ခန့် က လှုပ်တဲ့ငလျင် ဟာလည်း မြစ်ငယ်မြို့ရဲ့အရှေ့ဘက် ၃ မိုင်ခန့် ကို ဗဟိုပြုပြီး လှုပ်ကာ အင်အား ရစ်ချ်တာစကေး ၃.၃ ရှိပါတယ်။
နောက်ဆုံး လှုပ်တဲ့ ၂ နာရီခွဲ ငလျင် ကတော့ အင်အားရစ်ချ်တာစကေး ၄.၇ ရှိပြီး အမရပူရ မြို့ရဲ့အနောက်တောင်ဘက် ၃ မိုင်အကွာကို ဗဟိုပြုပြီးလှုပ်သွားတာလို့သိရပါတယ်။
မနေ့က လည်း မန္တလေး တံတားဦးမြို့ အနီးကို ဗဟိုပြုပြီးလှုပ်တဲ့ အင်အားအသင့်အတင့်ရှိတဲ့ ၅.၂ ရစ်ချ်တာစကေးငလျင်ကြောင့် အင်းဝမြို့ဟောင်းနဲ့ မင်းကွန်းဒေသက ရှေးဟောင်းသာသနိက အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာရှိခဲ့ပါတယ်။
