တံတားဦးမြို့နယ်တွင် ယမန်နေ့ကပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် နောက်ဆက်တွဲငလျင်ငယ်တစ်ခုထပ်မံလှုပ်ရှားသွားကြောင်း ဒေသခံများကပြောသည်။
“မနက် ၆နာရီ ၄၅မိနစ်မှာလှုပ်သွားတာ။ဒီမနက်လည်းတော်တော်လေးသိသာတယ်။အိပ်ယာကလန့်နိုးသွားတယ်”ဟုမန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။
မန္တလေးမြို့၊အောင်မြေသာဇံမြို့နယ်တွင်နေထိုင်သူတစ်ဦးကလည်း “ငလျင်ကထပ်လှုပ်တယ်။စက္ကန့်ပိုင်းပဲကြာတယ်။ ဒါပေမယ့်ပြင်းတယ်။ခဏခဏလှုပ်နေတာကြောက်တယ်”ဟုပြောသည်။
မန္တလေးတွင် ယနေ့(ဒီဇင်ဘာလ ၁၆ရက်)နံနက် လှုပ်ခတ်ခဲ့သော ငလျင်နှင့်ပတ်သက်၍အမေရိကန်ဘူမိလေ့လာရေးဌာန USGSက ထုတ်ပြန်ထားခြင်းမရှိသေးပေ။စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကမူ ပြည်ကြီးတံခွန်မြို့နယ်အနီးတွင်ရစ်ချ်တာစကေး ၃ဒဿမ ၆ အဆင့်ငလျင်တစ်ခု နံနက် ၆နာရီ ၄၅မိနစ်တွင် လှုပ်ခတ်သွားကြောင်းထုတ်ပြန်ထားသည်။
တံတားဦးမြို့တွင် ယမန်နေ့ နံနက်အစောပိုင်းက ရစ်ချ်တာစကေး ၅အဆင့်ငလျင်လှုပ်ခဲ့ရာ မန္တလေး၊ စစ်ကိုင်းနှင့် မင်းကွန်းတွင် ရှေးဟောင်းစေတီ ပုထိုးအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားခြင်းဖြစ်ပြီးငလျင်ဘေးသတ်ိပြုနေထိုင်ကြရန် ဘူမိဗေဒပညာရှင်အချို့က သတိပေး ထားသည်။
