▪︎မြန်မာပြည်သူများကို ပြတ်သားစွာ ထောက်ခံပံ့ပိုးနေမည်ဟု ပူးတွဲကြေညာ
အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုများကိုချက်ချင်းရပ်တန့် ရမည်ဖြစ်ပြီး ဒီမိုကရေစီဖြစ်စဥ် ပြန်လည်စတင်ရန် အဓိပ္ပါယ် ပြည့်ဝပြီး အားလုံးပါဝင်သည့် တွေ့ ဆုံဆွေးနွေးမှုအတွက် အခင်းအကျင်း ဖန်တီးရမည်ဟု ဥရောပသမဂ္ဂနှင့် နိုင်ငံပေါင်း ၂၂ နိုင်ငံက တောင်းဆိုသည်။
စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် ဥရောပသမဂ္ဂကိုယ်စား အဆင့်မြင့်ကိုယ်စားလှယ်၊ အယ်လ်ဘေးနီးယား၊ အာမေးနီးယား၊ သြစတြေးလျ၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ကနေဒါ၊ မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စု၊ ဂျော်ဂျီယာ၊ အိုက်စလန်၊ လစ်ချ်စတိန်း၊ မွန်တီနီဂရိုး၊ နယူးဇီလန်၊ မြောက်မက်ဆီဒိုးနီးယား၊ နော်ဝေ၊ ကိုရီးယားသမ္မတနိုင်ငံ၊ မာရှယ်ကျွန်းစုသမ္မတနိုင်ငံ၊ ပလောင်း (ပလာအို) သမ္မတ
နိုင်ငံ၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ယူကရိန်း၊ ဗြိတိန်နှင့် အမေရိကန် နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်သည် ပြည်သူများ၏ ဆန္ဒကို ဆန့် ကျင်၍ အာဏာသိမ်းခဲ့ပြီး တိုင်းပြည်ကို နိုင်ငံရေး၊ စီးပွားရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းထဲသို့ တွန်းချခဲ့ကြောင်း ဖော်ပြသည်။
လွန်ခဲ့သည့် (၂)နှစ် အတွင်း မြန်မာပြည်သူများသည် ပြောမပြနိုင်လောက်သည့် ရက်စက်ယုတ်မာမှုများကြားတွင် သတ္တိ ပြောင်မြောက်စွာဖြင့် လူ့အခွင့်အရေးကိုလေးစားရန်နှင့် အခြေခံ လွတ်လပ်ခွင့်များအတွက် တောင်းဆိုရင်း ကြံ့ခိုင်သည့်ဆုံးဖြတ်ချက်များဖြင့် ဒီမိုကရေစီနိုင်ငံအတွက် ၎င်းတို့၏ သန္နိဌာန်ကို ဖော်ပြခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးများက အသိအမှတ်ပြုသည်။
အထက်ပါနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ့အရေးနှင့်ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်
ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို ကြိုဆိုထောက်ခံသည်။ အဆိုပါ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် လူသားအားလုံး၏ လူ့အခွင့်အရေးကို လေးစားရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အပြည့်အဝ နှောင့်နှေးစေခြင်းမရှိဘဲ ပေးအပ်နိုင်ရေး နှင့် အရပ်သားများကို အကာအကွယ်ပေးရေးတို့ကို တောင်းဆိုထားသည်။
ထို့အပြင် ကောင်စီ၏ဆုံးဖြတ်ချက်မှာ အာဏာသိမ်းစစ်တပ်က အာဆီယံဘုံသဘောတူညီချက် ( ၅) ချက် ကို အပြည့်အဝ အကောင်အထည်ဖော်ရန် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် နိုင်ထက်စီးနင်း ဖမ်းဆီးခံခဲ့ကြရသူများအားလုံး ကို ပြန်လွှတ်ပေးရန် တောင်းဆို ထားသည်။
ယင်းနောက် နိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် လူ့အခွင့်အရေးချိုးဖောက်သူများကို တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက် ကြိုးပမ်းမှုများအားလုံးကို ထောက်ခံပံ့ပိုးရန် ၊ ရက်စက်ယုတ်မာမှုများ ကျူးလွန်ရန် အထောက်အပံ့ ဖြစ်စေသော စစ်လက်နက်နှင့် ကိရိယာများ ရောင်းချခြင်း နှင့် လွှဲပြောင်းခြင်း တို့ ကို ရပ်တန့်ရန်၊ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုပေးအပ်ရန် နိုင်ငံတကာအသိုင်းဝိုင်းကို ထပ်မံတောင်းဆိုသည်။
မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေရန်နှင့် မြန်မာပြည်သူများ အားလုံးပါဝင်သည့် ဒီမိုကရက်တစ် အနာဂတ်ဆီသို့ ငြိမ်းချမ်းစွာ ကြိုးစားဆောင်ရွက်ကြသူများ အားလုံးအတွက် ဆက်လက်၍ ပြတ်သားစွာ ထောက်ခံပံ့ပိုးနေမည်ဟု ပူးတွဲကြေညာသည်။
