ဖမ်းခံရစဉ် ကွယ်လွန်သူနှစ်ဦးနှင့် ရှောင်တိမ်းရင်း ကွယ်လွန်သူများပါဝင်၊ ၈၈ဦး ဖမ်းဆီးခံထားရဆဲဖြစ်
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၅ဦး ကွယ်လွန်ခဲ့ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ဖတ်ကြားတင်သွင်းခဲ့သည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRPH)၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၌ ဖော်ပြထား သည်။

ရွေးကောက်ခံပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် (၄၇၆)ဦးရှိရာ အဖမ်းဆီးခံရသူ (၄၀) ဦး၊ ပြန်လည်လွတ်မြောက်သူ (၉)ဦး၊ လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၃၁)ဦးနှင့်ကွယ်လွန်သူ (၅)ဦးရှိကြောင်း အစီရင်ခံစာက ဆိုသည်။
ထို့ပြင် ဆက်သွယ်၍ မရသူ (၉၀) ဦးရှိကြောင်း ဖော်ပြသည်။

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် လွှတ်တော် ကိုယ်စားလှယ် (၆၁၃)ဦးတွင် အဖမ်းဆီးခံရသူ (၈၅) ဦး၊ ဖမ်းဆီးခံရနေရစဥ်အတွင်း ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂) ဦးနှင့် ပြန်လည်လွတ်မြောက်သူ (၂၆) ဦးရှိကြောင်း အစီရင်ခံစာ၌ ပါရှိသည်။
လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရသော လွှတ်တော်ကိုယ်စားလှယ် (၅၇)ဦး၊ ဖမ်းဆီးခံရပြီး ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်သူ (၂)ဦး၊ ရှောင်တိမ်းရင်း ကွယ်လွန်သူ (၈)ဦး၊ စုစုပေါင်း ကွယ်လွန်သူ (၁၀)ဦးရှိကြောင်း ဖော်ပြထားသည်။
