အာဏာသိမ်းမှုအကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို ဂုဏ်ပြု
အရပ်သားပြည်သူများအပေါ် ရက်ရက်စက်စက်အကြမ်းဖက်မှုများအဆုံးသတ်ရန်နှင့် ပြည်သူများ၏ ဆန္ဒကို လေးစားရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်က ဆက်လက် ဖိအားပေးသွားမည်ဟု ယနေ့ ထုတ်ပြန်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အသက်ဆုံးရှုံးခဲ့ရသော လူပေါင်း ၂,၉၀၀ ကျော်ကို အမေရိကန်သံရုံးက ဂုဏ်ပြုကြောင်း ဖော်ပြသည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေကြသည့် မြန်မာပြည်သူများကို အားပေးထောက်ခံရာတွင် အမေရိကန်၏ နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ဆက်လက် ဆောင်ရွက်သွားမည်ဟု ကတိပြုသည်။
ဘားမားအက်ဥပဒေပါဝင်သည့် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေကို ၂၀၂၂ ဒီဇင်ဘာတွင် သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့သည်။
ဒီမိုကရေစီအရေး လှုပ်ရှားဆောင်ရွက်မှုများကို ထောက်ခံအားပေးခြင်းနှင့် အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသော သူများကို အကူအညီများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ရင်း အာဏာရှင်အဖွဲ့အစည်း၏ ဝင်ငွေရလမ်းနှင့် အရင်းအမြစ်များကို ချိနဲ့လာစေရန် အမေရိကန်ပြည်ထောင်စု၏ သံန္နိဋ္ဌာန်ကို အထက်ပါအက်ဥပဒေက ပိုမိုအားဖြည့်ပေးကြောင်း ထပ်လောင်း အတည်ပြုသည်။
ထို့အပြင် အာဏာသိမ်းသည့် အချိန်မှစပြီး အာဏာရှင်အဖွဲ့အစည်းကို ၎င်းတို့ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် ကြိုးပမ်းအားထုတ်ရာတွင် အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပါဝင်ပြီး စစ်လက်နက်နှင့် လေယာဉ်ပစ္စည်းအဝယ်တော်များအပါအဝင် လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကို အရေးယူနေကြောင်း အသိပေးသည်။
