စစ်ကောင်စီတပ် အာဏာသိမ်းယူထားသည့် (၂)နှစ် တာအတွင်း စစ်ကောင်စီတပ် လက်ချက် ကြောင့် ပြည်သူ ၂,၉၄၀ဦး ကျဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ (ဇန်နဝါရီ ၃၁ရက်) ညပိုင်း၌ ထုတ်ပြန်သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၂,၉၄၀ဦး ရှိခဲ့ပြီဟု ဖော်ပြထားပြီး ဖမ်းဆီးချုပ်နှောင်ခံရသူ ၁၃,၇၆၃ဦး ရှိခဲ့ကြောင်း အသိပေးထားသည်။
ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက် ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြား နိုင်ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ယနေ့ (ဇန်နဝါရီ ၃၁ရက်)အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၀၁ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၄၂ဦး အပါအဝင် သေဒဏ်ချမှတ်ခံရသူ ၁၄၃ဦး ရှိပြီဟု ဆိုသည်။
ယနေ့ရရှိသော အချက်အလက်များအရ ဧရာဝတီတိုင်းအစိုးရအဖွဲ့၏ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးကို ပုသိမ်အကျဉ်းထောင်တွင်း အထူးတရားရုံးမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)ဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် ထောင်ဒဏ် (၂)နှစ် အမိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြသည်။
ဒေါက်တာလှမြတ်သွေးသည် ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းသည့်နေ့ကစ၍ ဧရာဝတီတိုင်းအတွင်းရှိ အစိုးရအိမ်ရာဝင်း၌ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ၂၀၂၂ ဒီဇင်ဘာ ၃၀ ရက်တွင် ပုသိမ်အကျဉ်းထောင်သို့ လွှဲပြောင်း ခြင်းခံထားရသူဖြစ်သည်။
