စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် ၁၆ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူကြောင်း သြစတြေးလျအစိုးရက ယနေ့ကြေညာသည်။
စစ်တပ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် သြစတြေးလျအစိုးရက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်းအပါအဝင် ၁၆ ဦးကို စတင်အရေးယူကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး Penny Wong လက်မှတ်ရေးထိုးသော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ သြစတြေးလျအစိုးရ၏ မြန်မာ့အရေးအပေါ် ဆက်လက်စိုးရိမ်မှုများကို ဖော်ပြနေခြင်းဖြစ် ကြောင်း ပြောသည်။

“ဒီအရေးယူမှုတွေက စစ်ကောင်စီ ကျူးလွန်နေတဲ့ ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုနဲ့ အကျပ်ကိုင်မှုတွေကတဆင့် အရပ်သားပြည်သူတွေရဲ့ အခွင့်အရေးတွေကို ဖိနှိပ်ဖို့ ဆက်လက်ကြိုးပမ်းနေမှုတွေနဲ့ပတ်သက်လို့ သြစတြေးလျအစိုးရရဲ့ပစ်မှတ်ထား တုန့်ပြန်မှုဖြစ်ပါတယ်” ဟု သြစတြေးလျအစိုးရ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အာဏာသိမ်းမှုတွင် အဓိကတာဝန်ရှိသူ ၁၆ ဦးအပြင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)နှင့် ဦးပိုင်လိမိတက်(MEHL)တို့ကိုလည်း သြစတြေးလျအစိုးရက ဒဏ်ခတ်ပိတ်ဆို့သည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် သြစတြေးလျအစိုးရ၏ နှောင့်နှေးကြန့်ကြာနေမှုအပေါ် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အဖွဲ့များက စိတ်ပျက်ကြောင်း တောက်လျှောက်ဝေဖန်ခဲ့ကြသည်။
(အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နှင့်နောက်လိုက်များကို ဇန်နဝါရီ၃၁ ရက်ကတွေ့ရစဥ်။ဓါတ်ပုံ-စစ်ကောင်စီ)
