မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးရန်အတွက် ထော်လာဂျီဖြင့်ခေါက်တုံ့ ခေါက် ပြန်ပို့နေသည့် စစ်ကောင်စီတပ်အား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ခေါင်းဆောင် ကိုမိုင်းမိုက်က ပြောကြားသည်။
ယမန်နေ့ (ဇန်နဝါရီ၃ဝ ရက်)နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ ပျိုးကန်ကျေးရွာမှ ဓူဝံရွာဘက်သို့စစ်ကြောင်းထိုးရန်အတွက် ထော်လာဂျီယာဥ်ဖြင့် စစ်ကောင်စီတပ်သား ၃၀ခန့်ကို နှစ်ကြိမ်ခွဲကာ ပို့ဆောင်ခဲ့သည်။
ပထမအခေါက် ပို့ဆောင်မှုကို စောင့်ကြည့်ကာ လွှတ်ပေးလိုက်ပြီး ဒုတိယအခေါက်တွင် နှစ်ဆင့်ကွဲ ပဒေသာမိုင်း (၁၅)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထော်လာဂျီမှာ ထိုးရပ်ပျက်စီးသွားသည်အထိ တည့်တည့်ထိမှန်သွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်ထိခိုက်သေဆုံးနိုင်ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။

“ယုန်တိုးကနေလာတာဗျ။ ပျိုးကန်မှာတစ်ညအိပ်တယ်။ အင်အားအတိအကျကို အရင်နေ့တွေကတည်းက အတိကျသိထားတာပါ။ ပထမအခေါက် ကနည်းတယ်ဗျ။ ပထမအခေါက်လွှတ်ပေးလိုက်ရတယ်ဆိုတာကလည်း နောက်မှာ ကျန်သေးတယ်လေ။ ခွဲလိုက်ရင် ကျွန်တော်တို့ပိတ်မိမှာ။ အဲဒါကြောင့် နောက်ကျန်တာဦးစားပေးခဲ့တာပါ။”ဟု ကိုမိုင်းမိုက်က ပြောသည်။
ထိုစစ်ကောင်စီတပ်သည် ယမန်နေ့ညက စံပြရွာ၌ ညအိပ်ခဲ့ပြီး ယနေ့အထိတပ်စွဲထားကာ ရွာအားမီးရှို့မည်ဟု ခြိမ်းခြောက်ထားကြောင်း ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းကလည်း မြင်းခြံမြို့နယ်၊ နဘူးအိုင်ရွာမှ ထွက်ခွာလာသော စစ်အုပ်စုလိုက်ပါလာသည့် ပါကျဲရိုးကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်ကောင်စီအုပ်စုထိခိုက်မှုများရှိနိုင်ကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
