မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ကျေးရွာ နှင့် ဆားကျင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀ခန့် မီးလောင်ပျက် စီးခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က ထုတ်ပြန်သည်။
ဇန်နဝါရီ ၃၀ရက်က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ခန့်ကို မီးရှို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ဆားကျင်းရွာမှ နေအိမ် ၃၀ခန့်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများတိမ်းရှောင်ခဲ့ရပြီး ကန်တော်ကျေးရွာ၊ ဆားကျင်းကျေးရွာနှင့် ၎င်းကျေးရွာအနီးတဝိုက်တွင်စစ်ဘေးရှောင် ၂၀၀၀ ခန့်ရှိ သည်ဟု ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ၎င်းတို့အလေ့အထ၊ အကျင့်ဆိုးအတိုင်း ကျေးရွာနေပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုမူလျက်ရှိရာ ပခုက္ကူမြို့နယ်၌ အာဏာသိမ်း နှစ်, နှစ်တာကာလအတွင်း မီးရှို့ခံရသည့် ကျေးရွာ ၁၆ရွာအထိရှိနေသည်ဟု ဖော်ပြခဲ့သည်။
မြို့နယ်အတွင်းရှိပြည်သူလူထုများအနေဖြင့်နီးစပ်ရာတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ တော်လှန်ရေး လုပ်ငန်းစဉ်များ၊ စစ်ဘေးရှောင်ပြည်သူများအားကူညီစောင့်ရှောက်ခြင်းများအား ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ပေးကြရန်လည်း ပခုက္ကူ(ပအဖ)က မေတ္တာရပ်ခံထားသည်။
