စစ်ကောင်စီ၏ ပင်မအရင်းကို တူးဖြိုပစ်ရမည့် အချိန်ရောက်ပြီဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယာယီသမ္မတက တိုင်းရင်းသား ပြည်သူလူထုများထံသို့ ယနေ့ (ဇန်နဝါရီ ၂၉ရက်)တွင် ပြောကြားသည့် သတင်းစကားကို ၎င်း၏ လူမှုကွန်ရက်မှတဆင့် ဖော်ပြခဲ့ခြင်းဖြစ်သည်။
“၂၀၂၃ နှစ်ဟာ စစ်ကောင်စီရဲ့ ပင်မအရင်းကို တူးဖြိုပစ်ရမယ့် အချိန်ကို ရောက်ပြီလို့ ယုံကြည်ပါတယ်။ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲတွေ အောင်မြင်ဖို့ အရေးကြီးသလို တော်လှန်ရေးကြီး အောင်မြင်ဖို့လည်း လိုပါတယ်”ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၇ရက်ကလည်း ယာယီသမ္မတက နွေဦးတော်လှန်ရေးတွင် အသက်ပေးသွားသည့် သူရဲကောင်း အာဇာနည်များအပေါ် ဂါရ၀စကားပြောကြားခဲ့ရာ သူရဲကောင်းအာဇာနည်များ၏မိသားစုဝင်များနှင့် တသွေးတသားတည်း ထပ်တူကြေကွဲကြောင်း ၊ အားလုံးမျှော်မှန်းတန်ဖိုးထားသည့် ဖက်ဒရယ် ဒီမိုကရေစီ အတွက် ကိုယ်ကျိုးစွန့်ခဲ့သော သူရဲကောင်းတို့၏ မြင့်မြတ်သော စိတ်ထားနှင့် ရဲစွမ်းသတ္တိတို့ကို မြန်မာပြည်သူများက လေးစားစွာဖြင့် ဦးညွှတ်ဂါရ၀ပြုကြောင်း ဖော်ပြခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း တော်လှန်ရေးအတွင်း ပေးဆပ်ခဲ့သော သူရဲကောင်းများ၏ တာဝန်ကျေပွန်ခဲ့မှုများအတွက် အမှတ်ရနေမည်ဖြစ်ကြောင်း၊ သူရဲကောင်းများ၏ ကျဆုံးမှုနှင့်တကွ မလွတ်လပ် သေးသော နိုင်ငံတော်အတွက် အလုပ်ဖြင့် သက်သေ ပြမည်ဖြစ်ကြောင်း သစ္စာပြုထားသည်။
