စစ်တပ်အာဏာသိမ်း ၂ နှစ်ပြည့်မှာ ပြုလုပ်မယ့် အသံတိတ်သပိတ်မှာ လူထုတွေ ပူးပေါင်းပါဝင်ပေးကြဖို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကျန်းမာရေးမိသားစု (မန္တလေး) ကတိုက်တွန်းလိုက်ပါတယ်။
သပိတ်သတ်မှတ်ချိန်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၁ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ လူထုအနေနဲ့အင်တိုက်အားတိုက်ပါဝင်ပေးကြဖို့ တိုက်တွန်းထားတာပါ။
ဒီတခေါက် အသံတိတ်သပိတ်ဟာ အာဏာသိမ်းပြီးနောက် ၄ ကြိမ်မြောက်ဖြစ်ပြီး ၂ နှစ်ကြာမြင့်လာပေမယ့် စစ်တပ်အုပ်ချုပ်လို့မရသေးတာကို ပြသတဲ့အပြင် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း တညီတညွတ်တည်းထုတ်ဖော်ပြသတာလို့ ကျန်းမာရေးမိသားစု (မန္တလေး) က ဆော်သြပါတယ်။
ဒါကြောင့် လူထုအနေနဲ့ ဒီတခေါက်သပိတ်မှာလည်း အင်တိုက်အားတိုက်ပါဝင်ပေးဖို့လိုတယ်လို့ ကျန်းမာရေးမိသားစု (မန္တလေး) ရဲ့ CDM ဆရာဝန်ဒေါက်တာစိုးသူရဇော်ကပြောပါတယ်။
မန္တလေး PDF ကလည်း လူထုသွေးမအေးသေးကြောင်း ၊ခုခံတော်လှန်စိတ်မလျော့သေးကြောင်း သပိတ်မှာပါဝင်ရင်း ပြသဖို့ တိုက်တွန်းပါတယ်။
အသံတိတ်သပိတ်ကိုတန်ပြန်တဲ့အနေနဲ့ စစ်အုပ်စုဘက်ကလည်း အာဏာသိမ်းနှစ်ပတ်လည်ထောက်ခံပွဲတွေ ကိုကျင်းပဖို့စီစဉ်ထားသလို သပိတ်ကိုလှုံဆော်သူတွေကိုဖမ်းမယ်လို့ လှုမှုကွန်ရက်ကနေ ခြိမ်းခြောက်တာတွေရှိလာနေပါတယ်။
