မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရှင်မတောင်တောင်ပေါ်မှ ထွေလာဂျီဖြင့်ဆင်းလာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနေရာတွင် သေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။
ယမန်နေ့ (ဇန်နဝါရီာ၂၈ရက်) နံနက် ၁၁ နာရီခန့်က ရှင်မတောင်တောင်ပေါ်မှ ထော်လာဂျီဖြင့်ဆင်းလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်အား ထန်းတိုကျေးရွာနှင့် ဘောင်ဘဲ့တန်းကျေးရွာကြားတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က အသိပေးသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးနေရာတွင် သေဆုံးပြီး တော်လှန်ရေးအင်အားစုက ရဲဘော်များ အထိအခိုက်မရှိကြောင်း ရေစကြို (ပကဖ)က ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နှင့် ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၉)၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း (၂)၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ သံမဏိသိန်းငှက်ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရေစကြို(ပကဖ)အဖွဲ့ထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
