မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပျူစောထီးရွာရှိသော စစ်အုပ်စုကို သေနတ်ပစ်ဖောက်မျှားခေါ်ပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့အားမာန်ကာ ကွယ်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီခန့်အုပ်ကြီးနှင့် စစ်ကောင်စီတပ်၏ ဗိုလ်အဆင့်ရှိသူတို့ ထိခိုက်သေဆုံးမှုရှိကြောင်း ၎င်းက ပြောသည်။
ယမန်နေ့ (ဇန်နဝါရီ၂၈ ရက်)ညနေပိုင်းက မြိုင်မြို့နယ် သရက်ကန်ကျေးရွာအနီး သေနတ်ပစ်ဖောက်မှုကြောင့် အဆိုပါကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူ အင်အား ၃၀ခန့်သည် ဆိုင်ကယ် နှစ်စီး၊ ကား တစ်စီး၊ ခြေလျင်စစ်ကြောင်းတို့ဖြင့် ထွက်လာချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ပြီး ထွက်လာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ဆိုင်ကယ် နှစ်စီး တိုက်မိုင်း မိသွားခဲ့ကြောင်း၊ တိုက်မိုင်း လေးလုံးထောင်ထားခဲ့ပြီး လေးလုံးစလုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ရာ ဆိုင် ကယ်ပေါ်စီးနင်းလာသော ပျူ လေးဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရသူများနိုင်ကြောင်း ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးဝင်းရှိန်၊ စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်ကြပ် တစ်ဦး စုစုပေါင်း သုံးဦးသေဆုံးပြီး ခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရနိုင်သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။
“ထွက်လိုက်တတ်တာကြားလို့ မိုင်းကွင်းဆင် သေနတ်ဖောက်ပြီး မြှူတာ။ကျွန်တော်တို့ဘက်က သေနတ်သံပေးပြီး နောက်မှာ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့၊ MUGDF၊ TYK ပျောက်ကကျားတပ်ဖွဲ့၊ မုန်တိုင်းတပ်ဖွဲ့၊ စကြာ် ကာကွယ်ရေးတပ်ဖွဲ့ (မြိုင် ပ.က.ဖ (ခွဲ ၄))တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
သရက်ကန်ကျေးရွာသည် စစ်ကောင်စီတပ်၏ လက်နက်တပ်ဆင်ပေးထားသော ပျူရွာတစ်ရွာဖြစ်ပြီး ဒေသတော်လှန်ရေးအင်အားစုများနှင့် မကြာခဏထိတွေ့ပစ်ခတ်မှုများ ဖြစ်ပေါ်နေသည်။
