မကွေးတိုင်း ဆောမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ယနေ့တွင် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း ဆောဒေသခံက ပြောသည်။
စစ်အင်အား ၇၀ကျော်ပါ စစ်ကြောင်း တစ်ခုနှင့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းသည် ဆောမြို့နယ် မြောက်ပိုင်း ချင်း- မကွေး အစပ်၌ စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းဖြစ်သည်ဟုဆိုသည်။
“ခုခံစစ်ကနေ တန်ပြန်စစ်လုပ်တော့မယ်ဆိုတော့ သူတို့ကလည်း စစ်ကြောင်းထိုးလာတယ်ဆိုတော့ ထိတွေ့မှု ဖြစ်တော့မှာမို့ ရွာတွေတော့ အားလုံးရှောင်ခိုင်းထားတယ်။ ရွာတွေတော်တော်များများ ကျောက်စစ်တို့၊ ကံချောင်းတို့လက်မွန်တို့ လယ်ကြီးအိုင်တို့ ခူးချောင်းတို့ ရွာတွေအားလုံးကို ရှောင်ခိုင်းထားတယ်”ဟု ဆောဒေသခံက ပြောသည်။
ယနေ့နံနက်တွင်လည်း ပစ်ခတ်မှု ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်မဖြစ်ကို အသေအချာမသိရသေးဟု ၎င်းကဆိုသည်။
“ပစ်သံတော့ ကြားနေရတယ် ထိတွေ့လို့ပဲ ပစ်တာလားပေါ့။ ကျနော်တို့နဲ့ ၅မိုင်လောက်တော့ကွာတယ်”ဟု ဆောဒေသခံက ပြောသည်။
စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် ခလရ (၂၇၄) တပ်မှလည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ဆောနယ် သတင်းရင်းမြစ်က ပြောသည်။
