မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမကျေးရွာတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၁၉ ရက်က မြိုင်မြို့နယ်၊ ကိုင်းတောမရှိ စစ်ကောင်စီတပ်အား မဟာမိတ်အဖွဲ့များက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲကြာမြင့်ချိန် ၄၅မိနစ်ခန့်ရှိခဲ့ပြီး စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးကာ စစ်အုပ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကိုင်းတောမရွာတိုက်ပွဲတွင် အဖွဲ့အားလုံးက ကျည်(၆၆၂)တောင့် အသုံးပြုခဲ့ကြောင်း၊ ကျည်ဖိုးအကြွေး ကျပ်သိန်း ၂၀ခန့်ရှိနေပြီး တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် လှူဒါန်းပေးကြပါရန်လည်း ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။
“စကစဘက်က ရှစ်ကောင် သေတယ်။ ပြည်သူ့အားမာန်တစ်ဖွဲ့ထဲတင်ကို ကျည်နှစ်ရာကျော်ခန့် ကုန်ပါတယ်။ တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ဖို့ ကျည်ဖိုးတွေလိုအပ်နေပါတယ်”ဟု ပြည်သူ့အားမာန် ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ကိုင်းတောမရှိ စစ်ကောင်စီတပ်အား ပြီးခဲ့သည့်ဒီဇင်ဘာလဆန်းပိုင်းက ဒေသတွင်း တော်လှန် ရေးအင်အားစုများက တိုက်ခိုက်ခဲ့ဖူးပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
