▪︎ဘုရားသုံးဆူနဲ့ ကျုံဒိုးမြို့နယ်တို့အတွင်းတိုက်ပွဲပြင်းထန်နေ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေအတွင်းရှိ ဘုရားသုံးဆူဒေသနဲ့ ကျုံဒိုးမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ အဲဒီဒေသကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

ဘုရားသုံဆူးဒေသအတွင်းရှိ သတ္တုမိုင်းလုပ်ကွက်နေရာကို ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်မှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သတ္တုမိုင်းလုပ်ကွက်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့ ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာနဲ့ တံတားဦးကျေးရွာအနားတစ်ဝိုက် ဒီနေ့ နေ့ခင်းက စစ်ကောင်စီတပ်မှ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုကိုတော့ လတ်တလောတွင် မသိရှိရသေးပါဘူး။ ကျုံဒိုးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအများအပြားရှိခဲ့ပါတယ်။

▪︎လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်မယ်လို့ CNO ထုတ်ပြန်
မြန်မာပြည်တဝန်း လေကြောင်းနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ကို အခြားတော်လှန်ရေး အင်အားစုတွေနဲ့ အတူ စစ်အာဏာရှင်စနစ် ပျက်သုဉ်းတဲ့အထိ ဆက်လက်တိုက်ထုတ်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က မနေ့က ထုတ်ပြန်ပါတယ်။ ဒီနှစ်ဆန်းကစလို့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်နေရာ အဲဒီလိုတိုက်ခိုက်ခံရလို့ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းများ၊ ပြည်သူလူထုများရဲ့ နာကျင်မှုများနဲ့ ဆုံးရှုံးခဲ့မှုများအပေါ် ဝမ်းနည်းကြောင်းဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဟာ ထန်တလန်မြို့နယ်ရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) ဌာနချုပ်နဲ့ မင်းတပ်မြို့နယ်ရှိ ချင်းကာကွယ်ရေးတပ်(CDF) တပ်စခန်းနေရာ၊ ပြည်သူလူထုနေထိုင်ရာနေရာများကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ CNF/CNA ဌာနချူပ် Camp Victoria ကို လေကြောင်းနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ CNA တပ်သား (၅)ဦး ကျဆုံးခဲ့ပြီး ဆေးရုံ၊ ဆေးခန်းနဲ့ အိုးအိမ်အများအပြား ပျက်စီးခဲ့ပါတယ်။
▪︎ဝမ်းတွင်းမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စတင်ဖွဲ့စည်း
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ ဝမ်းတွင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းများ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ အဲဒီအဖွဲ့က မနေ့က အသိပေးကြေညာပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ယူခြင်းလုပ်ငန်းစဥ်ကို ငြင်းဆန်ကာ မပူးပေါင်းကြဖို့ ၀မ်းတွင်း(ပအဖ)က ထပ်မံမေတ္တာရပ်ခံပါတယ်။ တစ်အိမ်တက်ဆင်း မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ရေးအတွက် အားပေးအားမြှောက်ပြု ဆောင်ရွက်ကြတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝကအဖွဲ့များနဲ့ အခြားမည်သည့်ထောက်တိုင်ကိုမဆို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲဆိုအရေးယူဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။
▪︎မတ္တရာနယ်မှာ စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းကောက်နေတဲ့ အဖွဲ့ကို ဒရုန်းနဲ့တိုက်ခိုက်
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေတဲ့အဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဇန်နဝါရီ ၂၃ ရက်က မတ္တရာမြို့နယ်ရှိ ဟင်္သာကုန်းကျေးရွာမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေတဲ့ အဖွဲ့နှင့် စစ်ကောင်စီတပ်သားတွေကို မဟာမိတ်တွေက ဒရုန်းလေးစီးနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုရဲ့ ထိခိုက်မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
▪︎ဖြူးမြို့နယ်မှ ပျူခေါင်းဆောင်ဆိုသူကိုပစ်ခတ်
ပဲခူးတိုင်း ဖြူးမြို့နယ်မှ စစ်ကောင်စီထောက်တိုင် ပျူစောထီးခေါင်းဆောင်ဟုဆိုသူတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆက်ရေး’အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဖြူးမြို့နယ်)က ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းက ဖြူးမြို့နယ် ညောင်ပင်သာမြို့ ပဲခူးလမ်းနေ ပျူစောထီးခေါင်းဆောင်ဟုဆိုသူ ဇော်မျိုးဦးကို သူရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ စစ်ကောင်စီ ထောက်တိုင်၊ အုပ်ချုပ်ရေးအဖွဲ့၊ လောင်းကစားသမားတွေကို ထိရောက်စွာအရေးယူခြင်း၊ တိုက်ခိုက်ခြင်းများကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဖြူးမြို့နယ်)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
▪︎ဝက်လက်မြို့ပေါ်ရှိ စစ်အုပ်စုကိုဒေသတွင်းတော်လှန်ရေးအင်အားစုများ ခြောက်ရက်ကြာ တိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးများကို ခြောက်ရက်ကြာတိုက်ခိုက်နေရာ စစ်အုပ်စုအထိအခိုက်များပြီး နေရာအချို့ကို သိမ်းဆည်းထားနိုင်တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ People’s Army to Fight Dictatorship(PAFD)ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဇန်နဝါရီ ၂၀ ရက်ကစလို့ ဒီနေ့အထိ PAFDတပ်ခွဲမှူး ဗိုလ်လှိုင်ဘွားဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစုတွေဟာ ဝက်လက်မြို့ဌာနဆိုင်ရာများ၊ စစ်ကောင်စီတပ်နဲ့ ပျူတွေကို တိုတ်ထုတ်နေတာလို့ ရှင်းပြပါတယ်။ စစ်ကောင်စီဘက်က ၁၂ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးရဲဘော်များလည်းထိခိုတ်ဒဏ်ရာရရှိခဲ့တယ်လို့ PAFD ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎ဆေးတပ်ကြပ်ကြီးကိုဖမ်းဆီးရမိဟု ပုလောဒေသကာကွယ်ရေးတပ် အသိပေး
တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(P.R.D.F)တာဝန်ရှိသူက ပြောပါတယ်။ ကဒဲကျေးရွာနဲ့ သင်္ကန်းတောကျေးရွာအနီး မိန်းလမ်းမကြီးမှာ ဇန်နဝါရီ ၂၁ ရက်က စစ်ဆေးမှုပြုလုပ်နေချိန် ခရီးသွားပြည်သူကားပေါ်မှာ လိုက်ပါလာတဲ့ ဘုတ်ပြင်းမြို့ဆေးတပ်မှတပ်ကြပ်ကြီးကို ဖမ်းမိခဲ့တာလို့ အသိပေးပါတယ်။ ဖမ်းမိတဲ့ တပ်ကြပ်ကြီးအဆင့် စစ်ကောင်စီတပ်သားမှာ ၂၀၀၆ ကတည်းက စတင်တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
▪︎ရေဦး-ဒီပဲယင်းလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို PDFများတိုက်ခိုက်
အင်အား၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရေဦး-ဒီပဲယင်းလမ်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ မနေ့က လုပ်ဆောင်ခဲ့တဲ့ အဲဒီ မိုင်းဆွဲမှုနှစ်ကြိမ်စလုံးချက်ကောင်းထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သေဆုံးမှုများပြားခဲ့တယ်လို့ တိုက်ပွဲဝင်PDFအချို့က ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲပြီးတာနဲ့ တပြိုက်နက် လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒီပဲယင်းနဲ့ ရေဦးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

