မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီရွေးကောက်ပွဲအတွက် စာရင်းလိုက်ကောက်နေသောအဖွဲ့အား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဇန်နဝါရီ ၂၃ ရက်က မတ္တရာမြို့နယ်ရှိ ဟင်္သာကုန်းကျေးရွာတွင် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် စာရင်းလိုက်လံကောက်ယူနေသော အဖွဲ့နှင့် စစ်ကောင်စီတပ်သားများအား မဟာမိတ်များက ဒရုန်းလေးစီးဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“လာတဲ့အဖွဲ့ထဲမှာ လဝကပါတယ်။ စကစ အင်အား ၂၀နဲ့လာတာ။”ဟု Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ဗုံးသီးချတိုက်ခိုက်မှုကြောင့် စစ်အုပ်စု၏ ထိခိုက် မှုအခြေအနေကိုမသိရသေးဘဲ မဟာမိတ်အဖွဲ့များဘက်ကမူ အထိအခိုက်မရှိဟုဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို ဗိုလ်ကောင်းကင်၏ တော်လှန်ရေးအင်အားစု၊ ADRF (Madaya)၊SKY HERO (Madaya)၊ A B R F – Madaya၊ဒေါင်းစစ်သည် (Madaya)၊နတ်ဆိုးမြေအောက် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်ပြည်နယ်တို့တွင်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် ထွေအုပ်ရုံးများ၊ လဝကရုံးများအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်နေသည်။
