ချင်းပြည်နယ် မတူပီမြို့နယ်တွင် ယနေ့ တိုက်ပွဲငါးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ (၂၁) ရက်နေ့ ၊ နံနက် ၈နာရီခွဲမှစ၍ အထူးစစ်ဆင်ရေးအဖြစ် မတူပီ – မင်းတပ် လမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ရှေ့တန်း ကာကင်းစခန်းအား ချင်းဒေသကာကွယ်ရေးတပ်များကဝင်ရောက်စီးနင်းတိုက်ခဲ့သည်။တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အရေးနိမ့်နေသော စစ်ကောင်စီတပ်ကာကင်းစခန်းသို့ နံနက်၁၀နာရီခွဲတွင် စစ်တပ်မှစစ်ကူလာသော စစ်ကြောင်းကိုပါ ချင်းဒေသကာကွယ်ရေးတပ်များက ထပ်မံကြားဖြတ် တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ယနေ့ နေ့လည် ၂နာရီမှ ၄နာရီအတွင်း၌လည်းမတူပီ- ဟားခါးလမ်း ငလိုင်ရွာနှင့် ခရိုင်ရုံးအကြား ၌ တစ်ကြိမ်၊ ခရိုင်ရုံး အိုးအိမ်ကုန်းထိပ်တွင် တစ်ကြိမ်၊ ဖနိုင်းဘုန်းကြီးကျောင်းတွင်တစ်ကြိမ်သုံးကြိမ်တိုင်တိုင်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
ထို့ကြောင့်တစ်ရက်အတွင်း မင်းတပ်လမ်းတွင် တိုက်ပွဲနှစ်ကြိမ်၊ ဟားခါးလမ်းတွင် သုံးကြိမ်၊ စုစုပေါင်း ငါးကြိမ် စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့သည်။
တိုက်ပွဲငါးကြိမ်အတွင်းစစ်ကောင်စီတပ်မှ (၉)ဦးသေ ၊ဒဏ်ရာအများအပြားရရှိခဲ့ပြီး မိမိတို့ CDF-MATUPI မှ ရန်သူ့လက်နက် MA-1 တစ်လက် သိမ်းပိုက်ရရှိခဲ့သည်ဟုဖော်ပြထားသည်။
အင်အား ၁၀၀ကျော်ပါသောစစ်ကောင်စီတပ် စစ်ကြောင်းကို ချင်းဒေသကာကွယ်ရေးတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF-မတူပီတာဝန်ရှိသူကပြောသည်။ ချင်းဒေသကာကွယ်ရေးတပ်များဘက်မှထိခိုက်ကျဆုံးမှုမရှိကြောင်းသိရသည်။
အဆုပါတိုက်ခိုက်မှုကို မတူပီ CDF၊ CDF-Mara၊ CDF – Zotung တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
မတူပီ- ဟားခါးလမ်းရှိ ငလိုင်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၅ရက်တွင် စစ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့သည်။ စစ်ကောင်စီတပ်သည် ငလိုင်ရွာရှိ ခရစ်ယာန် ဘုရားကျောင်းနှင့်လူနေအိမ်အများအပြားကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။
မတူပီမြို့နယ်အတွင်းစစ်ကောင်စီက တယ်လီဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက်တိုက်ပွဲသတင်းများအား အချိန်နှင့် တပြေးညီ မထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်းအသိပေးထားသည်။
