စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ကင်းပတ် ထွက်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း GZ Special Task Force(ဝက်လက်)က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၀ ရက် ည ၇နာရီခန့်က ဝက်လက်မြို့ပေါ်မှ ထွက်လာသော စစ်ကောင်စီတပ်နှင့်ပျူများအား ဘက်စုံမူးဘောင်အနီးတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် သုံးဦးသေဆုံးပြီး သုံးဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း GZ Special Task Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အဆိုပါ စစ်ဆင်ရေးအား GZ Special Task Force (ဘွားကြီးတပ်ခွဲ)နှင့် PAFD တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝက်လက် မြို့ပေါ်ရှိ စစ်အုပ်စုနှင့် မကြာခဏထိတွေ့ မှု ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲသတင်းများကို လုံခြုံရေးအရ အကန့်အသတ် ဖြင့်သာ ထုတ်ပြန်သွားမည်ဟု GZ Special Task Force က အသိပေးသည်။
”သူတို့က ဝက်လက်မြို့ပေါ်ကနေ မြို့အစွန်ကို ညတိုင်ဆိုရင် ကင်းစောင့်ဖို့လာတဲ့နေရာပေါ့ဗျာ။ ပျူတွေနဲ့ပေါင်းပြီးတော့။ အဲဒီနေရာကို ကျွန်တော် တို့က ဦးအောင်မိုင်းဆင်ပြီး သူတို့လာတဲ့အချိန် သူတို့ကင်းစောင့်တဲ့နေရာ ရောက်ပြီဆိုမှ ခွဲချလိုက်တာ။ ရှေ့ထွက်မိုင်းနှစ်လုံးနဲ့ ခွဲလိုက်တာ။ လာတာက ၁၅ယောက် လောက်။ သုံးယောက်သေပြီး သုံးယောက်ဒဏ်ရာရတယ်။”ဟု GZ Special Task Force(ဝက်လက်)၏ တာဝန်ခံ ကိုဂျီဇက်က ပြောသည်။
စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ဝက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်များသည် အနီးဝန်းကျင်ကျေးရွာများအား မကြာခဏစစ်ကြောင်းထိုး ဖျက်ဆီးမှုများပြုလုပ်နေပြီး ဇန်နဝါရီ ၁၉ ရက် ညနေပိုင်းကလည်း ဝက်လက်-လှတောလမ်းအထွက် မူးဘောင်အနီးရှိ နေအိမ် လေးလုံးခန့်အား ဖျက်ဆီးမီးရှို့ထားခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။
