ဗီယက်နမ် သမ္မတ ငုယန်ရွှမ်ဖူခ်ဟာ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာလိုက်ပြီး အာဏာရ ကွန်မြူနစ် ပါတီထဲမှာ ပါဝါအားပြိုင်မှုတွေ ပေါ်ပေါက်လာမယ့် အရိပ်အယောင်တွေ တွေ့နေရပါတယ်။
သူ့ရဲ့ လက်အောက်မှာ တာဝန်ယူခဲ့တဲ့ ဒုတိယ ဝန်ကြီးချုပ်နှစ်ဦး အစိုးရ အဖွဲ့ထဲက ထွက်ခွာခဲ့တဲ့ ဖြစ်စဉ်တွေနောက်ပိုင်း ဖူခ်ဟာ သမ္မတ အဖြစ်ကနေ နုတ်ထွက်ဖွယ်ရှိကြောင်း ကောလာဟလ ထင်ကြေးတွေ ကာလအတော်ကြာ ပျံ့နှံ့နေခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်တဲ့ ဖူခ်ဟာ သမ္မတ နေရာကို ၂၀၂၁ ခုနှစ် ကတည်းက တာဝန်ယူနေခဲ့တာ ဖြစ်ပါတယ်။
ကွန်မြူနစ် ပါတီထဲက သဘောထား တင်းမာသူတွေ ဦးဆောင်တဲ့ အဂတိ တိုက်ဖျက်ရေး လှုပ်ရှားမှုတစ်ခု အရှိန်ကောင်းလာချိန် အတောအတွင်းမှာ ဖူခ်ဟာ ရာထူးက နုတ်ထွက်သွားခဲ့တာပါ။ အဲဒီ လှုပ်ရှားမှုနဲ့ ဆက်စပ်လို့ ပါတီဝင်တွေ ရာနဲ့ချီပြီး စုံစမ်းစစ်ဆေးမှုတွေ ခံခဲ့ရပါတယ်။
သမ္မတရဲ့ နုတ်ထွက်မှုကို အမျိုးသား ညီလာခံက လုပ်ထုံးလုပ်နည်းအရ တရားဝင် အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ ဗီယက်နမ် အစိုးရ မီဒီယာကတော့ သမ္မတ နုတ်ထွက်မှုကို အတည်ပြု ကြေညာသွားခဲ့ပါတယ်။
ပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖူခ်ရဲ့ ခေါင်းဆောင်မှု စွမ်းရည်ကို ချီးကျူးထားပေမယ့်လည်း သူ့လက်အောက် အရာရှိတချို့ ကျူးလွန်တဲ့ အမှားတွေနဲ့ ချွတ်ယွင်းချက်တွေ အတွက်တော့ သူ့မှာလည်း တာဝန်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဖူခ်ရဲ့ ဒုတိယ ဝန်ကြီးချုပ် နှစ်ဦးဟာ အခုလဆန်းက နုတ်ထွက်ခဲ့ကြပြီး ဝန်ကြီးနှစ်ဦးနဲ့ တခြားအစိုးရ အရာရှိ တချို့ကလည်း ရာဇဝတ်ကြောင်းဆိုင်ရာ စွဲချက်တွေနဲ့ အမှုရင်ဆိုင်နေရပါတယ်။
ဖူခ်နုတ်ထွက်ရေး ဖိအားပေးဖို့ ဆုံးဖြတ်ချက်ကိုတော့ ကွန်မြူနစ်ပါတီထဲမှာ တံခါးပိတ် ဆွေးနွေးပြီး ချမှတ်ခဲ့တာလို့ သိရပါတယ်။ လေ့လာသူတွေကတော့ သဘောထား တင်းမာသူ ပါတီ အတွင်းရေးမှူးချုပ် ငုယန်ဖူထရွန်ဟာ အစိုးရ အဖွဲ့ထဲက အနောက်ယိမ်းပြီး စီးပွားရေး ဖွံ့ဖြိုးမှုကို အားသန်တဲ့ အရာရှိတွေကို ဖယ်ထုတ်နေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အခုတော့ ဖူခ်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ပါတီတွင်း အားပြိုင်မှုတွေ ပေါ်ပေါက်လာမယ့် အလားအလာတွေ မြင်နေရပါပြီ။
အသက် ၆၉ နှစ်အရွယ် ဖူခ်ဟာ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်ထိ ဝန်ကြီးချုပ် တာဝန်ယူခဲ့ပြီး အဲဒီနောက်မှာ သမ္မတအဖြစ် တင်မြှောက် ခံခဲ့ရတာပါ။ ဗီယက်နမ်ရဲ့ နိုင်ငံရေး ကဏ္ဍမှာ သမ္မတ နေရာဟာ အဓိက ထောက်တိုင် လေးခုထဲက တစ်ခုလို့ သတ်မှတ် ခံရပေမယ့် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးချုပ်ကသာ အမှန်တကယ် အာဏာအထက်မြက်ဆုံး ဖြစ်ပါတယ်။
