▪︎ပြည်ပရောက်မြန်မာများကနွေဦးတော်လှန်ရေးအတွက်ထောက်ပံ့မှုများကိုစစ်ကောင်စီဖြတ်တောက်ရန်လုပ်ခြင်းဖြစ်သော်လည်းရပ်တန့်နိုင်မည်မဟုတ်ဟုရန်ပုံငွေရှာဖွေပေးနေသူသုံးသပ်
နိုင်ငံခြားထွက်အလုပ်လုပ်သူများကိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို ဇန်နဝါရီ ၁၇ ရက်စတင်ပြီး စစ်ကောင်စီက ရပ်ဆိုင်းထားကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေ ဂျင်စီများကို စစ်ကောင်စီကအသိပေးသည်။
အာဏာသိမ်းစစ်ကောင်စီကနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်များထုတ်ပေးခြင်းကို ၂၀၂၂ ဒီဇင်ဘာ ၂၆ ရက်ကတည်းက ရပ်ဆိုင်းခဲ့ပြီး အေဂျင်စီများတဆင့် ပြည်ပအလုပ်သွားလုပ်သူများနှင့် ဗုဒ္ဓဂါယာဘုရားဖူးသွားသူများကိုသာ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟုမူလကစီစဉ်ခဲ့သည်။
သို့သော်ယခုအခါ ပြည်ပအလုပ်သွားလုပ်မည့်သူများကိုပါ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းကို စစ်ကောင်စီကရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၇ မှစ၍ယာယီရပ်ဆိုင်းကြောင်းအသိပေးအကြောင်းကြားသော်လည်း မည်သည့်အချိန်တွင် ပြန်လည်ထုတ်ပေးမည်ကိုမူ အေဂျင်စီများသိူ့အကြောင်းကြားစာတွင်ဖော်ပြမထားပေ။
ထိုကြောင့်ယခုအခါ ခွင့်ပြုပေးထားသည့်နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကို ရပ်ဆိုင်းရမည်ဟု ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်က ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို ဇန်နဝါရီ ၁၆ ရက် ရက်စွဲဖြင့် အကြောင်းကြားခဲံ့သည်။
“ပြည်ပအလုပ်အကိုင်ရှာပေးတဲ့ အေဂျင်စီတွေပါ အလုပ်နားရမှာ။ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)ကို သူတို့နဲ့ နီးစပ်တဲ့ သူတွေပဲရပြီး ကျန်တဲ့ သူတွေ မရတော့တဲ့ အထီးကျန်နိုင်ငံတခုဖြစ်လာတော့မယ်”ဟု အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုကအုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးကပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးမှုယာယီရပ်ဆိုင်းခြင်းကြောင့်ပြည်တွင်း၌လည်း စစ်ကောင်စီလက်အောက်တွင် စီးပွားရေးကျဆင်းနေသဖြင့် အလုပ်အကိုင်ရှားပါး၍ ပြည်ပသို့ တရားမဝင်ခိုးထွက်သူ ပိုမိုများပြားလာမည်ဟု အထက်ပါပုဂ္ဂိုလ်ကသုံးသပ်သည်။
“စစ်ဗိုလ်ချုပ်တွေကပြည်တွင်းကလူတွေပြည်ပထွက်ပြီး တော်လှန်ရေးကို ငွေကြေးထောက်ပံ့နေတာကိုဖြတ်တောက်ဖို့ဒီလိုလုပ်တာလို့မြင်တယ်။နိုင်ငံကောင်းကျိုးအတွက်မဟုတ်ဘူး။ သူတို့ကိုထိလာလို့မစဉ်းစားမဆင်ခြင်ဘဲလုပ်တဲ့အလုပ်ပါ”ဟုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးကို မည်သည့်အချိန်ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးကြောင်းနှင့် လက်ရှိအချိန်တွင် နိုင်ငံကူးလက်မှတ်အသစ်ထုတ်ပေးခြင်းသာမက သက်တမ်းတိုးခြင်း၊ အပျောက်ပြန်လျှောက်မှုများကိုလည်း လုပ်ပေးမည်မဟုတ်ကြောင်း သိရသည်။
“အဓိကကပြည်ပထွက်တဲ့သူတွေကနိုင်ငံခြားငွေတွေသယ်သွားတော့ ဒါကို စစ်ကောင်စီက ကိုင်တွယ်ချင်တာ။ နောက်
ပြီး ပြည်ပရောက်မြန်မာတွေက ထောက်ပံ့ကြေးကို ဖြတ်တောက်ချင်တာလဲပါမယ်။ လက်ရှိပြည်ပရောက်မြန်မာတွေထောက်ပံ့နေတာကိုတော့ သူတို့(စစ်ကောင်စီ)က ရပ်တန့်လို့ရမှာ မဟုတ်ဘူး”ဟု NUG၏ ငွေကြေးရှာဖွေပေးနေသည့် ကိုယ်စားလှယ်တစ်ဦးကမှတ်ချက်ပေးသည်။
မြန်မာနိုင်ငံတွင်စစ်တပ်အာဏာသိမ်းပြီးနောက် တစ်လကို မြန်မာနိုင်ငံသား လေးသောင်းနီးပါးသည် ပြည်ပကိုနည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာနေကြသည်ဟု နိုင်ငံတကာ အဖွဲ့အစည်း (IOM) က ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့က ထုတ်ပြန်ထားသည်။
