မန္တလေးတိုင်း၊ မတ္တရာမြို့နယ် တောပုကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ဧရာဝတီညီအကိုများတော်လှန်ရေးအင်အားစု(ABRF Madaya)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်) ညနေ ၅နာရီခွဲခန့်က မတ္တရာမြို့နယ်၊တောပုကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ တပ်စွဲပြီးအနီးဝန်းကျင်ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမွှေနှောက်နေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့်ဗုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ABRF Madaya၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ဧရာဝတီမြစ်ဘေးကျေးရွာများ၌ တပ်စွဲကာ ကျေးရွာများအား ဝင်ရောက်မွှေနှောက်ခြင်း၊ စစ်ကိုင်းတိုင်းဘက်ခြမ်းသို့ကူးကာ စစ်ကြောင်းထိုးခြင်းများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“ဧရာဝတီမြစ်နဲ့က တစ်မိုင်ခွဲလောက်ဝေးတယ်။”ဟု ABRF Madaya၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံများထံက သိရကြောင်း ABRF Madaya၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် ထုံးဘိုရွာအနီးရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့နယ်မြေစခန်းစီးနင်းတိုက်ခိုက်ခံရပြီး PDF ရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၇ရက် နံနက် ၉နာရီခန့်ကလည်း မတ္တရာမြို့နယ်နှင့် တစ်ဖက်ကမ်း၊ စစ်ကိုင်းမြို့နယ် ထုံးဘိုကျေးရွာသို့ စစ်ကောင်စီဘက်က ပစ်ခတ်ဝင်ရောက်ခဲ့ရာ PDFရဲဘော်တစ်ဦးနှင့် ပြည်သူတစ်ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
