▪︎ဒေါ်လာများဖြင့်စစ်ကောင်စီကလက်နက်နှင့်လေယာဥ်ဆီဝယ်၍ပြည်သူကိုပြန်သတ်မည်ဖြစ်သောကြောင့်ဘဏ်များမှငွေမလွှဲရန် PDF တစ်ဦးတိုက်တွန်း
ပြည်ပရောက်မြန်မာလုပ်သားများက နိုင်ငံခြားငွေကို ပြည်တွင်းသို့ စစ်ကောင်စီ၏လိုင်စင်ရဘဏ်များမှတစ်ဆင့်ပြန်ပို့လျှင် ၁ ဒေါ်လာလျှင် ၃၀ ကျပ်အပိုဆောင်ပေးမည်ဟု ဆွဲဆောင်မှုမှာ အလုပ်ဖြစ်မည်မဟုတ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေအေဂျင်စီများနှင့် သင်္ဘောသားအေဂျင်စီများကပြောသည်။
နိုင်ငံခြားငွေ အသည်းအသဲလိုအပ်နေသည့် စစ်ကောင်စီသည် ပြည်ပရောက်မြန်မာနိုင်ငံများ၏ လစာများကို ဘဏ်စနစ်ဖြင့် ပြည်တွင်းကို ငွေလွဲပါက နိုဝင်ဘာ ၁ ရက်ကစ၍ တစ်ဒေါ်လာကို ကျပ် ၃၀ကိုအပိုဆောင်းပေးမည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်ကထုတ်ပြန်ချက်အပေါ် ၎င်းတို့က မှတ်ချက်ပေးခြင်းဖြစ်သည်။

လက်ရှိတွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ၃၀၅၀ကျပ် ပေါက်ဈေးရှိနေချိန်တွင် စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က တစ်ဒေါ်လာကို ၂၁၀၀ကျပ်သာ သတ်မှတ်ထားသည်။ ယခု အပိုဆောင်းပေးငွေ ကျပ် ၃၀ ထပ်မံထည့်သွင်းလျှင် တစ်ဒေါ်လာကို ကျပ် ၂၁၃၀ ကျပ်သာရှိမည်ဖြစ်သည်ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ၊ ပိုင်ရှင်တစ်ဦးကတွက်ချက်ပြသည်။
“ ပြင်ပပေါက်ဈေးက ကျပ် ၃၀၀၀ကျော်ပေါက်နေတာကို ဈေးနှိမ့်ပြီးတော့ သတ်မှတ်တယ်၊ ပြီးတော့ သူတို့ကပဲ ဂရုဏာရှင်ကြီးတွေလိုအထက်စီးကပြည်ပရောက်အလုပ်သမားတွေရဲ့လစာကို မတရားခေါင်းပုံဖြတ်ချင်တာ”ဟု ၎င်းကဆက်ပြောသည်။
ကိုရီးယားရောက် မြန်မာအလုပ်သမားများကို KBZဘဏ်က တစ်ဒေါ်လာလျှင် ၂၈၆၀ ကျပ်ဖြင့် လဲပေးမည်ဟုအောက်တိုဘာ ၂၈ ရက်တွင် ကိုရီးယား Hana ဘဏ်မှတစ်ဆင့်ထုတ်ပြန်ထားသည်။ လစာဝင်ငွေအတွက်သာဖြစ်ပြီး အခြားရည်ရွယ်ချက်အတွက်ဆိုလျှင် ထိုနှုန်းထားရရှိမည်မဟုတ်ဟုလည်း KBZ ဘဏ်ကဆိုသည်။

ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း”အခုချိန်မှာ ပို့ကုန်ရငွေတွေ၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုငွေတွေက ပြည်တွင်းကို အဝင်နည်းလာတော့ ပြည်ပ အလုပ်သမားတွေစီကဒေါ်လာတွေကအဓိက နိုင်ငံခြားငွေဖြစ်လာတယ်။ ဒီငွေတွေကို သူတို့စီဝင်ဖို့ သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုသူတို့ဘဲ ပြန်ချိုးဖောက်ပြီး အမျိုးမျိုးပြင်နေကြတာ”ဟုပြောသည်။
အရပ်သားအစိုးရ နှင့် အရပ်သားတစ်ပိုင်း၊စစ်အစိုးရတစ်ပိုင်း ကာလတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများက ပြည်တွင်းကို ငွေလွဲရာတွင် ဘဏ်စနစ်ဖြင့် ပေးပို့မှု အထိုက်အလျောက်ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်ပြီးနောက် စစ်ကောင်စီကိုထောက်ပံ့သကဲ့သို့မဖြစ်စေရန်နှင့် ငွေထုတ်ယူရန်ခက်ခဲခြင်း၊ဒေါ်လာပေါက်ဈေး ထက်များစွာဈေးနှိမ့်ခြင်းစသည်တို့ကြောင်း ဘဏ်စနစ်ဖြင့် ပေးပို့မှု အလွန်နည်းပါးသွားသည်။
လက်ရှိတွင် ပြည်ပရောက်မြန်မာအလုပ်သမားက ဘဏ်စနစ်ကို အသုံးပြုငွေလွဲသည့် အစား ဟွန်ဒီစနစ်ကိုသာအဓိက အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။
“စိတ်ချရတဲ့ ငွေလဲပေးတဲ့သူတွေကတဆင့်လွဲတယ်။ ငွေထုတ်ပေးတဲ့သူက အိမ်တိုင်ယာရောက်သွားပေးတယ်။ ဘဏ်ကလွှဲရင်မြန်မာငွေရတာလဲနည်းတယ်။ငွေထုတ်ရတာလည်း ခက်တယ်”ဟု ၎င်းကဆက်ပြောသည်။
တစ်နှစ်လျှင်ပြည်ပရောက်မြန်မာနိုင်ငံသားများကပြည်တွင်းသို့ဒေါ်လာ တစ်ဘီလီယံခန့်ပြန်လည်ပေးပို့နေခြင်ဖြစ်သည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများက ပြည်တွင်းကို ၂၀၁၄ ခုနှစ်မှ စတင်ပြီး ၂၀၂၂ ဇူလိုင်လအထိ ဒေါ်လာ ၆ ဘီလီယံကျော်ပြန်လည်ပို့ထားသည်။ အများစုမှာ အရပ်သားအစိုးရလက်ထက် ၂၀၁၆ မှာ အာဏာသိမ်းမခံရခင် ၂၀၂၁ ဇန်နဝါရီလအတွင်းပြန်ပို့ထားကြခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီအနေဖြင့် နိုင်ငံတစ်ဝန်းလေကြောင်းအသုံးပြု အကြမ်းဖက်တိုက်ခိုက်ခြင်းနှင့် တိုက်ပွဲများပိုပြင်းထန်လာသဖြင့် လေယာဥ်ဆီနှင့် လက်နက်ခဲယမ်းများဝယ်ယူရန် ဒေါ်လာပိုမိုလိုအပ်လာသည်။ဒေါ်လာလိုအပ်ချက် မြင့်မားနေသည့် အချိန်ဖြစ်၍ ပြည်ပရောက်မြန်မာအလုပ်သမားများအနေဖြင့် မိမိချွေးနည်းစာဒေါ်လာငွေကို စစ်ကောင်စီထံမရောက်အောင် ဘဏ်စနစ်ဖြင့် အသုံးပြုပြီးငွေမလွှဲကြရန် CDM ဘဏ်ဝန်ထမ်းမှ မကွေးတိုင်း အခြေစိုက်တပ်ရင်းတစ်ခုတွင် PDFရဲဘော်အဖြစ်တာဝန်ထမ်းဆောင်နေသူတစ်ဦးကတိုက်တွန်းသည်။
“ဒီလစာတွေက ဒေါ်လာတွေနဲ့ စစ်လက်နက်တွေ ဝယ်ပြီး ကိုယ့်ပြည်သူကို ပြန်သတ်မှာ။ ဒါကြောင့်မို့ စစ်တပ်ထိန်းထားတဲ့ ဘဏ်တွေကနေ ဒေါ်လာတွေမလွှဲကြဖို့ တိုက်တွန်းပါတယ်။ ”ဟု အထက်ပါPDF ရဲဘော်ကတိုက်တွန်းသည်။
