အာဏာသိမ်းစစ်ကောင်စီက ကြက်သွန်နီကို ပြည်ပသို့ အလွန်အကျွံတင်ပို့နေခြင်းကြောင့် ပြည်တွင်းကြက်သွန်နီ ဈေးမြင့်တက်လာပြီး တပိဿာကို ကျပ် ၅၀၀၀ ခန့်အထိ စံချိန်တင်မြင့်တက်နေကြောင်း ကုန်သည်များကပြောသည်။
နိုင်ငံခြားငွေအသဲအသန်လိုအပ်နေသောစစ်ကောင်စီကကြက်သွန်နီကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ အပါတ်စဉ် တင်ပို့နေခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ကြက်သွန်နီရှားပါးလာကာဈေးမြင့်တက်လာခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။
စစ်ကောင်စီက နယ်စပ်စခန်းများမှတဆင့်ထိုင်းနိုင်ငံသို့တစ်ပါတ်လျှင် ကြက်သွန်နီတန်ချိန် ၁၀၀ ကျော်နှင့် ဗီယက်နမ်နိုင်ငံသို့ တပါတ်လျှင် တန်ချိန် ၃၀ခန့်တင်ပို့နေသည်။ ထိုင်းနိုင်ငံက မြန်မာ့ကြက်သွန်နီကိုတစ်တန်လျှင်ဘတ် လေးသောင်းခွဲအထိပေးယူဝယ်ယူနေသည်ဟုနယ်စပ်မှ ကုန်သည်များကပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း မြန်မာ့ကြက်သွန်နီကိုပုံမှန်ဝယ်ယူနေခြင်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံကမူယခုနှစ်တွင်မှဝယ်ယူလာခြင်းသည်။ ထိုင်းနိုင်ငံမှလည်းယခုနှစ်တွင်မှ ပိုမိုဝယ်ယူလာခြင်းကြောင့် ပြည်တွင်း၌ကြက်သွန်နီရှားပါးလာပြီးဈေးဆက်တိုက်တက်လာသည်။
“အရင်က ကြက်သွန်နီတပိဿာမှ ၈၀၀-၁၀၀၀ ကနေ၊ အခု ၅၀၀၀လောက်ကို ဈေးက မတရားတက်သွားတာ”ဟု ရန်ကုန်မြို့မှပြည်သူတစ်ဦးကပြောသည်။
ပြည်တွင်း၌ ၂၀၂၂ မေလတွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ခန့်သာရှိခဲ့သည်ဟုကုန်သည်များကပြောသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊မန္တလေးတိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြခြင်းဖြစ်ပြီး နှစ်စဉ် တန်ချိန် ဆယ်သိန်းနီးပါးထွက်ရှိလေ့ရှိသည်။
စိုက်ပျိုးထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကိုပြည်တွင်း၌စားသုံးနေခြင်းဖြစ်ပြီး ကျန် ၂၀ ရာခိုင်နှုန်းဖြစ်သည့် တန်ချိန် နှစ် သိန်းခန့်ကို ပြည်ပ တင်ပို့နေခြင်းဖြစ်သည်။
စစ်ကောင်စီက ၂၀၂၁ခုနှစ်မှာ ကြက်သွန်နီ တန်ချိန် နှစ် သိန်းခန့်ကို ပြည်ပကို တင်ပို့ခဲ့သည်။ ကုန်သွယ်မှုနှင့် ပြည်ပရင်းနှီးမြှပ်နှံမှုလျော့ကျသွားပြီး ဒေါ်လာအရနည်းလာသဖြင့်စစ်ကောင်စီက နိုင်ငံတစ်ဝန်းပြည်သူများ၏ ခုခံစစ်ပွဲများတွင် တိုက်ခိုက်ရန် လေယာဥ်ဆီအပါအဝင် လက်နက်ခဲယမ်းများဝယ်ယူရန် နိုင်ငံခြားငွေကိုရနိုင်သလောက်ရှာဖွေနေသည်။
