နွေဦးတော်လှန်ရေး ရန်ပုံငွေအတွက်ရန်ုကုန်မြို့ရှိစစ်တပ်ပိုင်မြေပိုင်မြေကွက် လေးခုကို တန်ဖိုးနည်းတိုက်ခန်းနှင့်ကွန်ဒိုတိုက်ခန်းများအဖြစ် ပုံဖော်ရောင်းချမည်ဖြစ်ကြောင်း NUG၏ မြေကွက်ရောင်းချရေးအဖွဲ့(EOD)က ယမန့်နေ့ကထုတ်ပြန်ကြေညာလိုက်သည်။
ကမ္ဘာအေးရှိ စစ်တပ်ပိုင်မြေကွက်တွင်ကွန်ဒိုတိုက်ခန်းနှင့် တောင်ဒဂုံ၊ လှိုင်သာယာနှင့် မင်္ဂလာဒုံတို့ရှိ စစ်တပ်ပိုင်မြေကွက်များကို တန်ဖိုးနည်းတိုက်ခန်းများအဖြစ် ဖော်ဆောင်ရောင်းချမည်ဖြစ်သည်ဟု NUGကအသိပေးသည်။
“ အဆင့်အတန်းမီလူနေတိုင်ခန်းများကိုတော်လှန်ပြည်သူများ လက်လှမ်းမီရန် ရည်သန်လျက် လစဉ်ပေးသွင်းငွေ ဒေါ်လာရာ ဂဏန်းဖြင့်ရောင်းချပေးသွားပါမယ်”ဟု NUG၏ မြေကွက်ရောင်းချရောင်းအဖွဲ့ EODက ထုတ်ပြန်ထားသည်။

လှိုင်သာယာ၊ တောင်ဒဂုံနှင့် မင်္ဂလာဒုံလေဆိပ်အနီးတို့ရှိစစ်တပ်သိမ်းထားသောမြေများတွင် တန်ဖိုးနည်းတိုက်ခန်းများကိုရောင်းချမည်ဟုဆိုသည်။လှိုင်သာယာမြို့နယ်၊ဘုရင်နောင်တံတားအဆင်းရှိ စစ်တပ်ပိုင်မြေကွက် ၂၀၀ကျော်နှင့်မင်္ဂလာဒုံလေဆိပ်အနီးရှိ မြေကွက် ၈၀ကျော်တွင် အကောင်အထည်ဖော်မည်ဟုအသိပေးထားသည်။
သို့သော်တောင်ဒဂုံရှိစစ်တပ်ပိုင်မြေကွက်အကျယ်ကိုမူNUGက ထုတ်ပြန်ကြေညာထားခြင်းမရှိသေးပေ။
ရောင်းချမည့် အချိန်ကိုလည်း NUGက ထုတ်ပြန်ကြေညာထားခြင်းမရှိသေးဘဲ အများပြည်သူကစိတ်ဝင်စားနေပြီးရန်ကုန်မြို့ရှိ လူလတ်တန်းစားများတတ်နိုင်သည့် ပမာဏလည်းဖြစ်သည်ဟု ရန်ကုန်မြို့ခံအချို့ကပြောသည်။
“တောင်ဒဂုံက မြေကွက်တွေက ရန်ကုန်-မန္တလေး အမှတ် ၂လမ်းမကြီးဘေးမှာဆိုတော့ စိတ်ဝင်စားတယ်။ တစ်လကို ဒေါ်လာ ၁၀၀ကျော်ဆိုတော့တတ်နိုင်တဲ့ပမာဏဘဲ။ ဘယ်လိုဝယ်ယူရမလဲ စောင့်နေပါတယ်”ဟု ရန်ကုန်မြို့မှ ဒေသခံတစ်ဦးကပြောသည်။

NUG၏ရောင်းချမည့် ကွန်ဒိုတိုက်ခန်းများမှာ ကမ္ဘာအေးလမ်းမပေါ်ရှိ ၁၀၆ တပ်ပိုင်မြေနေရာများဖြစ်ပြီး ကွန်ဒို အခန်းလေးမျိုးခွဲခြားရောင်းချမည်ဟု NUGကထုတ်ပြန်ထားသည်။
“ကွန်ဒိုတိုက်ခန်းတွေကိုတော့ အခုလာမယ့် စနေနေ့မှ စရောင်းမယ်။ အခြားတိုက်ခန်းတွေကတော့ ဒီလထဲမှာပဲရောင်းမယ် ရက်အတိအကျတော့ မသိသေးဘူး။”ဟု NUG၏ အရောင်းကိုယ်စားလှယ်တစ်ဦးကပြောသည်။
တန်ဖိုးနည်းမြေကွက်များသည် ဒေါ်လာ ၄၄၀၀မှ ဒေါ်လာ ၁၁,၄၀၀ အထိဖြစ်ပြီး ကွန်ဒိုတိုက်ခန်းများသည် ဒေါ်လာ ၁၈,၇၅၀မှ ဒေါ်လာ ၄၀,၅၀၀ အထိဖြစ်သည်။ တစ်နှစ်အတွင်း ၃၀ ရာခိုင်နှုန်းကို အရစ်ကျပေးသွင်းရမည်ဖြစ်သည်ဟုသိရသည်။

တန်ဖိုးနည်းတိုက်ခန်းများ၏ ၃၀ရာခိုင်နှုန်းကို ၁၂ လအရစ်ကျပေးသွင်းရမည်ဖြစ်ပြီး ကျန် ၇၀ ရာခိုင်နှုန်းကိုလည်းနှစ်ကာလအပိုင်းအခြားဖြင့် ပေးသွင်းရမည်ဖြစ်သည်ဟုကိုယ်စားလှယ်များကဆိုသည်။
တော်လှန်ရေးအောင်မြင်ပြီးပါက တိုက်ခန်းများကို မဲစနစ်ဖြင့် မြို့နယ်၊ တိုက်၊အလွှာများကို သတ်မှတ်ပေးမည်ဖြစ်ပြီး စိတ်ကြိုက်ရွှေးချယ်ခွင့်ရှိမည်မဟုတ်ကြောင်း အရောင်းကိုယ်စားလှယ်များထံမှသိရသည်။
