ကယားပြည်နယ်နေ့ အခမ်းအနား တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီးအပါအဝင် တိုက်လေယာဥ်ဖြင့်ပါ ရမ်းသမ်းပစ်ခတ်နေကြောင်း လွိုင်ကော်မြို့ခံများက လူထုနွေဦးသတင်းဌာနသို့ပြောသည်။
ယနေ့(ဇန်နဝါရီ ၁၅ ရက်) နံနက်ပိုင်းက စတင်ကျင်းပခဲ့သော ကယားဒေးအခမ်းအနားကို ဗုံးရှစ် လုံးထက်မနည်းတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီးများဖြင့် လွိုင်ကော်မြို့နှင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းသို့ စစ်ကောင်စီက ဦးတည်ပစ်ခတ်နေခြင်းဟု ဆိုသည်။
“လွိုင်ကော်မီးသတ်ကုန်းလမ်းကြားထဲက အိမ်နားစကစရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူတစ်ဦး အစထိမှန်ခဲ့ပြီး သေဆုံးထားတယ်။တခြားထိခိုက်မှုအခြေအနေတော့မသိရသေးဘူး”ဟု လွိုင်ကော်မြို့ခံတစ်ဦးက ပြောသည်။
အလားတူ နံနက် ၁၀နာရီခန့်ကစ၍ ကင်းထောက် နှင့် တိုက်လေယာဥ်များအသုံးပြု၍ စစ်ကောင်စီက ထောက်လှမ်းပစ်ခတ်နေကြောင်းလည်း ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
“လက်နက်ကြီးတွေက ဒီးမော့ဆိုအနောက်ဘက် ခြမ်းကို အတွဲလိုက်ကျနေတယ်။လေယာဥ်တွေက လည်း ပျံနေတုန်းပဲ။ရမ်းသမ်းပစ်ခတ်ပြီးအရပ်သားတွေထိခိုက် နိုင်လို့ စိတ်ပူရတယ်”ဟု ၎င်းက ရှင်းပြသည်။
ယနေ့နံနက်ပိုင်းက ကယားပြည်နယ်နေ့အခမ်း အနားပြုလုပ်သည့် ပြည်နယ်ခန်းမ၌ စစ်ကောင်စီ နှင့်ဆက်စပ်သည့် ထိခိုက်သူသုံးဦးထက်မနည်းရှိခဲ့ကြောင်းလည်း အဆိုပါအခမ်းအနားနှင့်နီးစပ် သူက ပြောသည်။
ထို့အပြင် ဗုံးပေါက်ကွဲပြီးနောက် အခမ်းအနားလာရောက်သူများကိုပါ စစ်ကောင်စီက ခန်းမအတွင်းမှ ပေးမပြန်သဖြင့် ရုန်းရင်းဆန်ခတ်မှုများရှိခဲ့ကြောင်းလည်း သိရသည်။
လွိုင်ကော်မြို့တွင် စစ်ကောင်စီက ပြုလုပ်သည့် ကယားပြည်နယ်နေ့ ပွဲတော်(ကယားဒေးပွဲ) အပါအဝင် ပွဲနှင့်ဆက်စပ်သည့် လူစုလူဝေးရှိရာ နေရာများကိုသွားရောက်ခြင်း မပြုကြရန် PDF Loikaw က ယခုလ ၁၃ ရက်တွင် သတိပေးသည်။
