▪︎စစ်ကိုင်းတိုင်းမှနေအိမ်သုံးသောင်းခွဲကျော်မီးရှို့ဖျက်ဆီးခံရ
စစ်ကောင်စီတပ် နှင့်စစ်ကာင်စီလက်အောက်ခံ အဖွဲ့အစည်းများကနိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူလူထုနေအိမ် ၄၈၄၀၀ ကျော်(ငါးသောင်းခန့်) မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က ယနေ့ ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဒီဇင်ဘာ ၃၁ရက်နေ့အထိ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ကျေးရွာများမှ ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ယခုနှစ် ဇန်နဝါရီလအတွင်း၌လည်း ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်ကျူးလွန်နေဆဲဖြစ်သည်။

မီးရှို့ဖျက်ဆီးခံရ၍ ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၄၈၄၆၃ လုံးအနက် စစ်ကိုင်းတိုင်းရှိ ကျေးရွာများမှ နေအိမ် ၃၆၆၆၇ လုံးပါဝင်ပြီး မကွေးတိုင်းမှ အိမ်ခြေ ၈၅၀၀ ကျော်ပါဝင်သည်။
ချင်းပြည်နယ်မှ နေအိမ် ၁၄၇၅လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကရင်နီ၊ ကရင်၊ကချင်နှင့် မန္တလေး အပါအဝင် ကျန်တိုင်းနှင့် ပြည်နယ်များမှ အိမ်ခြေ ၁၇၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်ဟုဆိုသည်။




အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီးကဲ့သို့လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့်နေအိမ်ပျက်စီးမှုများကိုData for Myanmar ကစာရင်းပြုစုထုတ်ပြန်လျက်ရှိရာ အချက်အလက် ကောက်ယူမှုကို သတင်းမီဒီယာများ၊ ဒေသခံရာ သတင်းပြန်ကြားရေး အဖွဲ့များက ဖော်ပြသည့် တိုက်ပွဲသတင်းများ၊ နေအိမ်မီးရှို့ခံရသည့် သတင်းများကို ရက်အလိုက် ဖြစ်စဉ်အလိုက် ပြန်လည်စိစစ်ပြီး ဒေသခံလူအခွင့်အရေးအဖွဲ့များ၊ စစ်ရှောင်ကူညီရေးအဖွဲ့များ က ထုတ်ပြန်သည့် စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးခဲ့ကြောင်း အသိပေးထားသည်။
မီးရှို့ခံရသော်လည်း အရေအတွက်နှင့် နေ့စွဲ မပြည့်စုံသည့် အချက်အလက်များကို ချန်ထားခဲ့ရ၍ မြေပြင်၌ စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသောနေအိမ်အရေအတွက်မှာယခုစာရင်းထက်ပင်ပိုများနိုင်ကြောင်းလည်းအသိပေးထားသည်။


ပြည်သူများ၏ အိုးအိမ်စည်းစိမ်များကိုစစ်ကောင်စီတပ်ကမီးရှိုဖျက်ဆီး လုယက်အကြမ်းဖက်မှုမှာယခုလပိုင်းအတွင်း လျော့ကျမသွားဘဲ တိုး၍ပင်လုပ်နေဆဲဖြစ်သည်။ခုခံတွန်းလှန်မှု ပိုမိုအားကောင်းလာသော တနသာ်ရီတိုင်းတွင်စစ်ကောင်စီတပ်က ယခင်ထက်ပို၍မီးရှို့ဖျက်ဆီးလာသည်ကိုလည်းတွေ့ရသည်။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတစ်ဝန်းကျေးရွာများကိုမီးရှို့ဖျက်ဆီးနေသလို ရန်ကုန် ၊မန္တလေးမြို့စသောမြို့များတွင်လည်း ပြည်သူများ၏နေအိမ်သောင်းနှင့်ချီ၍ ကျူးကျော်နေအိမ် ၊တပ်ပိုင်မြေတွင်ဆောက်သောအိမ်များဟုစွပ်စွဲကာနေအိမ်များကို အကြမ်းဖက်ဖျက်ဆီးနေသည်။
