ပြည်တွင်းရွှေဈေးအခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈သိန်းခွဲအထိဈေးမြင့်တက်လာပြီးနောက် ပြည်တွင်းရွှေဆိုင်အချို့အခေါက်ရွှေရောင်းချမှုပိတ်ထားကြောင်း ရွှေလုပ်ငန်းငန်းရှင်များကပြောသည်။
ကမ္ဘာ့ရွှေဈေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာခြင်းဖြစ်ပြီး စစ်ကောင်စီက ရွှေဈေးမတက်ရန် ဖိအားပေးခြိမ်းခြောက်ထားခြင်းကြောင့် ရွှေဆိုင်များက ရည်ညွန်းဈေးအတိုင်းထုတ်မရောင်းနိုင်တော့သဖြင့် အရောင်းပိတ်ထားခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။
“ရွှေဆိုင်တွေကအခေါက်တုံးတွေထုတ်မရောင်းတာ ရည်ညွန်းဈေးကြောင့်ပါ၊ လက်ကျန်မရှိအောင်ဝယ်လိုအားများနေတာမဟုတ်ဘူး”ဟု ရန်ကုန်အခြေစိုက်ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
ရွှေဈေးမြင့်တက်ခြင်းကြောင့် ပြန်လည်ရောင်းချသူများကိုလည်း ရွှေဆိုင်များက ရွှေတစ်ကျပ်သားကို ပေါက်ဈေးထက် အနည်းဆုံးကျပ် ငါးသောင်းမှ တစ်သိန်းအထိ ဈေးလျော့ဝယ်ယူနေကြောင်းလည်း ရွှေရောင်းချခဲ့သူများကပြောသည်။
ပြည်တွင်းရွှေဈေးသည်ယနေ့(ဇန်နဝါရီ ၁၄ ရက်)တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၈၄၇,၀၀၀ကျပ်ပေါက်ဈေးရှိပြီး ၂၀၂၂ ဒီဇင်ဘာ ၃၁ရက်က အခေါက်ရွှေတစ်ကျပ်သားကို ၂,၇၀၆,၀၀၀သာပေါက်ဈေးရှိခဲ့၍ ၁၄ရက်အတွင်း ကျပ် ၁၄၀,၀၀၀ကျော်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာဈေးမှာရွှေတစ်အောင်စလျှင် ၁၉၂၀ ဒေါ်လာပေါက်ပြီး ၂၀၂၂ ဒီဇင်ဘာ ၃၁ ရက်ကရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၈၂၀ ရှိခဲ့သည်။
စစ်ကောင်စီအလိုကျ လိုက်ပါဆောင်ရွက်နေသောရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကအခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂,၂၆၂,၀၀၀သာဈေးဖွင့်ထားသည်။ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားသည် ကျပ် ၂၇သိန်းသာရှိပြီး ထိုထက်ပိုရောင်းသူများကို အရေးယူမည်ဟု အဆိုပါအသင်းက ခြိမ်းခြောက်ထားသည်။
