စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးဖွင့်ထားသည့် နေအိမ်ကို ပျူစောထီးများက အကြမ်းဖက်ဝင်ရောက်ပြီး (၅)နှစ်အရွယ်ကလေးငယ် အပါအဝင် မိသားစုရှစ်ဦးကို သတ်ဖြတ်သွားကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
ကန့်ဘလူမြို့နယ် ငါးမြောင်ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးနေအိမ် ပိုင်ရှင်ဦးကျော်လှိုင်၏ နေအိမ်ကို ပျူစောထီးများက ယနေ့( ဇန်နဝါရီ ၁၄ရက်)နံနက် ၂နာရီခန့်တွင် ဝင်ရောက်လာပြီး သတ်ဖြတ်သွားခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ပျုစောထီးတွေက ဝင်သတ်သွားတာ။မိသားစုဝင်ရှစ်ယောက်စလုံးကို သေနတ်နဲ့လည်းပစ်၊ ဓားနဲ့လည်းခုတ်ပြီး သတ်သွားတာ”ဟု အထက်ပါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
သေဆုံးသူများအနက် သုံးဦးမှာ ကလေးငယ်များဖြစ်သည်ဟု ဆိုသည်။
သေဆုံးသူများမှာ နေအိမ်ပိုင်ရှင် ဦးကျော်လှိုင် (၇၀နှစ်)၊ ဒေါ်မဲညွန့်(၆၅)နှစ်၊ဒေါ်နှင်းမြလှိုင်(၄၀)နှစ် ကိုမျိုးဝင်း(၃၇)နှစ်၊မနှင်းမြခိုင်(၃၇)နှစ်၊မစုမြစံ(၁၅)နှစ်၊မရွှေဘုံစံ(၁၂)နှစ် နှင့်မောင်ခန့်ဇေယျာမျိုး(၅)နှစ်တို့ ဖြစ်ကြောင်း People’s Springက စုံစမ်းသိရှိရသည်။
ဦးကျော်လှိုင်တို့မိသားစုသည် NLD ပါတီဝင်များဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးတွင် တက်တက်ကြွကြွ လှုပ်ရှားခဲ့ကြသူများဖြစ်သည်ဟု ပါတီအသိုင်းအဝိုင်းက ပြောသည်။
