ပုသိမ်အကျဥ်းထောင်အတွင်း စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့သော ကိုဝေယံဖြိုး၏ရုပ်အလောင်းကိုမိသားစုကပြန်မရခဲ့ဘဲကျန်ရစ်သူမိသားစုက ရက်လည်ဆွမ်းသွပ်ကို ဇန်နဝါရီလ ၁၂ရက်တွင် ပြုလုပ်ရမည်ဖြစ်သည်။
ချောင်းသာဒေသခံကိုဝေယံဖြိုးသည် ဇန်နဝါရီလ ၆ ရက်က ပုသိမ်အကျဥ်းထောင်အတွင်းဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဥ်းသားများအား ထောင်ဝန်ထမ်းများက အကြမ်းဖက်သောဖြစ်စဥ်တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
ကိုဝေယံဖြိုး၏ ရုပ်အလောင်းကိုပေးရန် မိသားစုက တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီကပြန်မပေးဘဲ မီးရှို့သဂြိုလ်လိုက်ပြီး အလောင်းဖျောက်ပစ်ကြောင်း ဧရာဝတီတိုင်းမှတော်လှန်ရေးအင်အားစုများကပြောသည်။ ကိုဝေယံဖြိုး၏ ရက်လည်ဆွမ်းသွပ်ကို ဇန်နဝါရီ ၁၂ရက်တွင် ၎င်း၏မိဘနေအိမ်တွင် ပြုလုပ်မည်ဟု ကျန်ရစ်သူမိသားစုက ဖိတ်ကြားထားကြောင်း ချောင်းသာဒေသခံအချိုု့ကပြောသည်။People’s Spring ကကိုဝေယံဖြိုး၏ မိသားစုထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရပါ ။
ကိုဝေယံဖြိုးသည် အသက် ၃၄ နှစ် ရှိပြီဖြစ်ပြီးသားတစ်ဦးနှင့်ဇနီးသည်ကျန်ရစ်ခဲ့သည်။
ကိုဝေယံဖြိုးသည် စစ်အာဏာရှင်အားတော်လှန်ရင်း ပုသိမ်ထောင်၌ အကျဥ်းကျနေစဥ်သေဒဏ်ကျ ကျောင်းဆရာဦးကောင်းခန့်ကျော်အတွက် စစ်ကောင်စီက ပုသိမ်ထောင်အတွင် ကြိုးစင်ဆောက်နေသည်ကို ရပ်တန့်ရန် နိုင်ငံရေးအကျဥ်းသားများနှင့်အတူတောင်းဆိုရာမှစစ်ကောင်စီက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ ကိုဝေယံဖြိုးနှင့်အတူ စစ်ကောင်စီကို ကန့်ကွက်တားဆီးခဲ့စဥ် ရိုက်နှက်နှိပ်စက်ခံရသည့်နိုင်ငံရေးအကျဥ်းသားကိုဝင်းမင်းထက်မှာလည်းယနေ့(ဇန်နဝါရီ ၁၂ရက်)အထိပျောက်ဆုံးနေဆဲဖြစ်သည်။
ကိုဝင်းမင်းထက်မှာလည်း စစ်ကောင်စီ၏အကြမ်းဖက်ဖြိုခွင်း၊ နှိပ်စက်ညှင်းပန်းမှုကြောင့် ဇန်နဝါရီ ၆ ရက်မှာပင်ကျဆုံးခဲ့ပြီဖြစ်ကြောင်းလည်းသတင်းထွက်ပေါ်နေသည်။
ပုသိမ်ထောင်အတွင်း နိုင်ငံရေးအကျဥ်းသားများကိုစစ်ကောင်စီလက်အောက်ခံလက်နက်ကိုင်အဖွဲ့များကအကြမ်းဖက် ဖြိုခွဲမှုဖြစ်စဥ်တွင် နိုင်ငံရေးအကျဉ်းသား ၁၃ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ၄ ဦးသည် အသက်အန္တရာယ်စိုးရိမ်ရသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။
စစ်ကောင်စီက ထောင်အတွင်းအကျဥ်းသားချင်းခိုက်ရန်ဖြစ်ပွားရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဝါဒဖြန့်ထားသည်။
ပုသိမ်ထောင်တွင်း အကျဥ်းသားများ သေဆုံးဒဏ်ရာရမှုဖြစ်စဥ်သည် စစ်ကောင်စီကမတရားညှဉ်းပန်းနှိပ်စက်မှုနှင့်ဥပဒေမဲ့သတ်ဖြတ်သော ရာဇဝတ်မှုကို ကျူးလွန်သည့် လုပ်ရပ်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကပြစ်တင်ရှုတ်ချထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း ပုသိမ်ထောင်တွင်းအကြမ်းဖက်မှုကို အမှုမှန်ပေါ်အောင်ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများထံအချက်အလက်များပေးပို့ခြင်းအပါအဝင် နည်းလမ်းမျိုးစုံဖြင့် တရားမျှတမှု ဖော်ဆောင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။
