စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၌ ပျူစောထီးအသွင်ယူဆောင်နေသူတစ်ဦးက စစ်ကောင်စီတပ်နှင့် ပျူစောထီးများနှင့်အတူ ကင်းတာဝန်ကျချိန်တွင် လက်နက်ယူဆောင်ကာ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း C&T SHWE BOက ယနေ့(ဇန်နဝါရီ ၁၁ ရက်) ထုတ်ပြန်သည်။
ရွှေဘိုခရိုင် ရွှေဘိုမြိုနယ် သီလုံးကျေးရွာ၌ စစ်အုပ်စုက ကျေးရွာနေ ပြည်သူများကို အနိုင်ကျင့်နေသောကြောင့် ယခုလက်နက်လာရောက်အပ်နှံခဲ့သည့် မောင်မင်းမင်းစိုး၏မိသားစုဝင် ခုနစ်ဦးအားဦးစွာ ကယ်ထုတ်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် စစ်ကောင်စီ၊ပျူစောထီးများနှင့် တာဝန်ကျချိန်တွင် ကာကွယ်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး လက်နက်ယူဆောင်ကာ ပ.လ.ဖ ဒုတာဝန်ခံ၊ C&T SHWE BO.အဖွဲ့ထံသို့ လက်နက်အပ်ခဲ့ကြောင်း ဖော်ပြသည်။ ၎င်းသည် ပျူစောထီးအသွင်းယူပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ သတင်းပေးနေဟု ဆိုသည်။
“အတွင်းသတင်းယူပြီး တော်လှန်ရေးအင်အားစုဆီသို့ သတင်းပေးပို့နေထိုင်နေတာ။လုံခြုံမှုမရှိတော့တာကြောင့် တော်လှန်ရေးအင်အားစုကို အသိပေးလာတဲ့အတွက် မိသားစုဝင် ခုနစ်ဦးအား အရင်ကယ်ထုတ်ခဲ့တယ်”ဟု C&T SHWE BO က ပြောသည်။
လက်နက်အပ်ခဲ့သည့် မောင်မင်းမင်းစိုးအပါ အဝင်မိသားစုဝင်များကို ဘေးကင်းလုံးခြုံစွာ စောင့်ရှောက်ကူညီပေးထားကြောင်းလည်း အသိပေးသည်။
