ရဲသုံးယောက်သေပြီး သေနတ်နှစ်လက်ရဟု ပြော
‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ ကတုံးပေါ်နယ်မြေရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ အတည်ပြုပြောကြားသည်။
ယနေ့(ဇန်နဝါရီ ၈)နံနက် ၅ နာရီခန့်က ရန်ကုန် (ပကဖ) တောင်ပိုင်းခရိုင်ဇုံ(၂) Fire Dragon တပ်ခွဲမှ ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် သုံးခွမြို့နယ်ရှိ ကတုံးပေါ်ကျေးရွာရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရဲ ၃ ယောက်ကျဆုံးပြီး G3 လက်နက် ၂ လက်ရယူနိုင်ခဲ့ပြီး စခန်းအားမီးရှို့နိုင်ခဲ့ပါတယ်”ဟု ရန်ကုန်စစ်ဒေသခွဲမှ တာဝန်ရှိသူက ပြောသည်။
အထက်ပါ ကတုံးပေါ်နယ်မြေရဲစခန်းသည် ပြီးခဲ့သည့်နှစ်(ပြီးခဲ့သည့်နှစ်၂၀၂၂)စက်တင်ဘာ ၂၂ ရက်ကလည်း ခရမ်း PDF၏ ပစ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ရဲစခန်းအဆောက်အအုံနှင့် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့သည်။
