စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မြင်းဆည် ကျေးရွာအား မီးရှို့ဖျက်ဆီး ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၈ ရက်) ညနေ ၃ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာအား မီးရှို့ဖျက်ဆီး၍ ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့အား ဘုရားယဉ်စေတီအနောက်ဘက် ချောင်းရိုးအနီးတွင် ပဒေသာမိုင်း သုံးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ လျှပ်တပြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုမှ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ အများအပြားရရှိကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။
“မီးရှို့ဖျက်ဆီးပြီးပြန်လာတဲ့ ခြေကျင်စစ်ကြောင်းကို အပြန်မှာချောင်းပြီးတော့ လမ်းပေါ်မှာမိုင်းတင်ပြီးတော့ဆွဲလိုက်တာ။သူတို့လာတဲ့ လမ်း လယ် ကွင်းထဲမှာ မိုင်းချပြီးတော့ဆွဲလိုက်တာ။ အင်အား ၄၃ယောက်ရှိတယ်။ နှစ်ကောင်သေတယ်။ ဒဏ်ရာရတာများတယ်။”ဟု ကိုသက်ကြီးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် သရဲနီအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့နံနက်ပိုင်းကလည်း စစ်ကိုင်းမြို့နယ်၊ မြင်းဆည်ကျေးရွာ၊ သုံးလင့်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည်။
