စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် လူနာတင်ယာဥ်အားအသုံးချကာ လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း People’s knight Defense Force Myinmu အဖွဲ့သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၆ ရက်) ည ၉ နာရီ ၄၅ မိနစ်ခန့်က လူမှုကူညီရေးအသင်းယာဥ် အသုံးပြုကာ စစ်ကိုင်းဘက်မှ မုံရွာမြို့ဘက်သို့ထွက်ခွာလာသော စစ်ကောင်စီတပ်သားများအား ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား၌ ညီနောင်မဟာမိတ်အဖွဲ့များက ရှေ့ထွက်ပြောင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း PKDF-MMU အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မိုင်းစများသည် စစ်ကောင်စီကားကို ထိထိမိမိထိမှန်ခဲ့ပြီး ကားမှန်များကွဲထွက်သွားခဲ့သည်ဟု ၎င်းတာဝန်ခံက ဆိုသည်။
ထို့အပြင် စစ်ကောင်စီဘက်က အထိနာ၍ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ထပ်မံစုံစမ်းနေကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။
“ကားတစ်စီးထဲပါ။ စစ်ကောင်စီတပ် လိုက်ပါလာတယ်ဆိုတာ အတည်ပြုလို့ရပါတယ်။ ကားအပြည့်ပဲပါလာတာကတော့။ ထိခိုက်မှုကတော့အတိကျမသိရသေးပါဘူး။”ဟု PKDF-MMU အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။
အဆိုပါ စစ်ဆင်ရေးကို People’s knight Defense Force Myinmu နှင့်အတူ People’s Army To Fight DictatorShip(PAFD)၊ TAUNGTHA People Defense Force၊ D.B.B.F MMU၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu(DKPDF)၊ စသည့် ညီနောင်မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အသိပေးထားသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၆ ရက်) နံနက် ၃ နာရီ ၁၅ မိနစ်ခန့်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကိုင်းတပ်မ (၃၃) မှ မုံရွာမြို့သို့ ထွက်ခွာလာသည့် အင်အားအပြည့်ပါ စစ်ကောင်စီယာဥ် သုံးစီးကို People’s Knight Defense Force Myinmu အဖွဲ့က ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြား၌ ငါးတြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
