ဖျားနာ၍ စစ်ရှောင်ကလေးငယ်နှင့် သက်ကြီးရွယ် အိုတစ်ဦးကွယ်လွန်၊ စစ်အုပ်စုက ဆေးပစ္စည်းများအား ခိုးယူသွားဟုဆို
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ တောင်ရင်းကျေးရွာ အုပ်စုအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်ပေါင်း ၈၈၀ကျော် မီးလောင်ပြာကျခဲ့ပြီး အကူ အညီများစွာလိုအပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၁၈ ရက်)က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တောင်ရင်းမြောက်ရွာမှ နေအိမ် ၅၀၃ လုံး၊ တောင်ရင်းတောင်ရွာမှ ၂၅၅လုံး၊ ရွာသစ်မှ ၁၂၅လုံး စုစုပေါင်းနေအိမ် ၈၈၃လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်း စစ်ကိုင်းအခြေစိုက် လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။




စစ်ကိုင်းမြို့နယ် တောင်ရင်းအုပ်စုတွင် မီးဘေးသင့်နှင့် စစ်ရှောင် လူဦးရေ ၄,၂၀၀ကျော်ရှိနေကြောင်း ၎င်းက ပြောသည်။
“မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်းတစ်ခုဖွင့်ထားတယ်။ အစကတော့ မီးဘေးသင့်ပြည်သူများအတွက်ဆိုပြီးဖွင့်တာ။ ခုတော့ စစ်ဘေးရှောင်ရော ကူညီနေရတယ်။”ဟု ဝက်လက်အခြေစိုက် လူမှုကူညီရေးလုပ်ကိုင်နေသူတစ် ဦးက ပြောသည်။

မီးဘေးသင့်နှင့်စစ်ဘေးရှောင်များမှာ ယာခင်းများတွင် ဖြစ်သလိုတဲထိုးကာနေထိုင်နေကြရပြီးရာသီဥတုမှာအေးနေပြီဖြစ်၍ ကျန်းမာရေးများထိခိုက်နေကြောင်း၊ စစ်ကိုင်းမြို့နယ်၊ ပဒူတိုက်နယ်၌ ကလေးတစ်ဦးနှင့်သက်ကြီးရွယ်အိုတစ်ဦးလည်း နေမကောင်းရာက သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“အမိုးအကာမရှိ လှည်းတွေနဲ့ စစ်ဘေးရှောင်နေကြရလို့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက်သေဆုံးတာတွေဖြစ်နေပါပြီ။ ၁၇ရက်နေ့ကကျောင်းဖြူရွာစစ်ဘေးရှောင် ၃လသားကလေးငယ်တစ်ဦး၊ ဒီနေ့ ၉၂နှစ်အရွယ်လူကြီးတစ်ဦး ဆုံးပါတယ်။”ဟု စစ်ကိုင်းနယ် လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။




ထို့အပြင် တလိုင်းရွာရှိ ကျေးလက်ဆေးခန်းအတွင်းက ဆေးပစွည်းများကို စစ်အုပ်စုက ခိုးယူသွား ၍ ကျန်းမာရေးကူညီစောင့်ရှောက်မှုများမလုပ်နိုင်တော့ကြောင်း ၎င်းက ပြောသည်။
ယနေ့တွင် စစ်ကောင်စီတပ်ဖွဲ့သည် ပဒူတိုက်နယ် အတွင်း ဆက်လက်စစ်ကြောင်းထိုးနေ၍ ကျေးရွာ၂၀ ကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးနေမှုများကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုး အရှေ့ခြမ်းနှင့်အနောက်ခြမ်း ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။
