အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားတဲ့ အမှု ပေါင်း ၁၉ မှုအနက် နောက်ဆုံးလက်ကျန် ၅ မှု ကို လာမယ့်သောကြာနေ့ ( ဒီဇင်ဘာလ ၃၀ ) ရက်မှာ အမိန့်ချမယ်လို့သိရပါတယ်။
အဲဒီအမှု ၅ မှုအတွက် ဒီနေ့ နေပြည်တော် အချုပ်ထောင်တွင်း စစ်ကောင်စီတရားရုံးမှာ အပြီးသတ် လျှောက်လဲချက်ပေးကြပါတယ်။
အမိန့်ချ မယ့်ရက်ကို လာမယ့် ၂၀၂၃ ခုနှစ်ကိုမကူးစေဘဲ ဒီဇင်ဘာလ ၃၀ ရက်ကို စစ်ကောင်စီတရားရုံး က သတ်မှတ်လိုက်တာလို့ အဲဒီတရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။
လက်ကျန်အမှု ၅ မှုဟာ ထောင်ဒဏ် ၁၅ နှစ်ထိ ချလို့ရတဲ့အဂတိပုဒ်မတွေနဲ့ စွဲဆိုထားတာပါ။
NLD အစိုးရလက်ထက်မှာ သဘာဝဘေးအတွက် ပုဂ္ဂလိက ရဟတ်ယာဉ် ဌားရမ်းတာ ၊အီတလီထုတ်ရဟတ်ယာဉ် ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာနစ်နာတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲတာလည်းဖြစ်ပါတယ်။
အမှုအတွက် NLD အစိုးရ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ၊ အစိုးရအဖွဲ့ ရုံးဝန်ကြီး ဦးမင်းသူတို့က ဒေါ်အောင်ဆန်းစုကြည်ဘက်က သက်သေထွက်ဆိုကြပြီး NLD အစိုးရဟာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ထွက်ဆိုကြပါတယ်။
လက်ရှိအချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၄ မှုနဲ့ ထောင်ဒဏ် ၂၆ နှစ် ချထားပြီး နေပြည်တော်အချုပ်ထောင်မှာအကျဉ်းချထားပါတယ်။
