စစ်ကောင်စီတပ်သားများအနေဖြင့် လက်ရှိ အခြေအနေတွင် တွေဝေနေခြင်းမရှိဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။
ဒီဇင်ဘာ ၂၄ရက်က ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ စစ်ကောင်စီတပ်သား နှစ်ဦး လက်နက်များနှင့်အတူ CNA နှင့် ချင်းကာကွယ်ရေးတပ်(CDF)ထံ ခုံလှုံလာခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ၌ ဆလိုင်းထက်နီက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ပြည်သူကပေါက်ဖွားလာတဲ့ စကစထဲက ပြည်သူ့စစ်သားတွေအနေနဲ့ ပြည်သူကိုချစ်ရင် ကိုယ့်နိုင်ငံတော်ကိုချစ်ရင် တွေဝေမနေဘဲ ပြည်သူ့ရင်ခွင်မှာ ခိုလှုံလာကြပါ။ ပြည်သူ့ရင်ခွင်က နွေးထွေးစွာ ကြိုဆိုပါတယ်”ဟု ဆလိုင်းထက်နီက ပြောသည်။
ယခုလပိုင်းအတွင်း ချင်းပြည်နယ် တီးတိန်၊ ဟားခါး၊ထန်တလန်၊ မင်းတပ်နှင့် ပလက်၀ ဒေသများရှိ ချင်းတပ်ဖွဲ့များထံသို့ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ အလင်းဝင်ရောက်လာမှု ဖြစ်စဉ်များစွာရှိခဲ့ကြောင်း သက်ဆိုင်ရာ ကာကွယ်ရေးတပ်များက ထုတ်ပြန်ထားသည်။
ထိုသို့ စစ်ကောင်စီတပ်မှ ထွက်ပြေးလာသူများအနက် လက်နက်ပါလာသူများရှိသကဲ့သို့ လက်နက်မဲ့ ထွက်ပြေးလာသူများလည်းရှိပြီး လက်နက်ပါလာသူများကို ဆုငွေပေးအပ်မည်ဖြစ်ကြောင်း CDFတပ်ဖွဲ့များက ကြေညာထားသည်။
