ဖမ်းဆီးထောင်ချခံထားရတဲ့ ကမာရွတ်မီဒီယာ ပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို လွတ်ရက်စေ့ခါနီး လပိုင်းအလိုမှာ စစ်ကောင်စီက အီလက်ထရောနစ်ပုဒ်မနဲ့ထောင်ဒဏ် ၅ နှစ်ထပ်ချလိုက်ပါတယ်။
ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက်မှာ ဦးဟံသာညိန်းကို အီလက်ထရောနစ်ပုဒ်မ ၃၃(က)နဲ့ထောင် ၅ နှစ်ချခံရတာလို့ မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်မှာအသိပေးပါတယ်။
ဦးဟံသာညိန်းကို ဖမ်းဆီးပြီး တစ်နှစ်အကြာ ပြီးခဲ့တဲ့ မတ်လက ဆူပူအောင်လှုံဆော်မှု ၅၀၅ (က) နဲ့ထောင်ဒဏ် ၂ နှစ်ချထားပါတယ်။
အဲဒီပြစ်ဒဏ်စေ့ခါနီးမှာ စစ်ကောင်စီက ထောင်ဒဏ် ထောင်ဒဏ် ၅ နှစ်ထပ်ချတာလည်းဖြစ်ပါတယ်။
အာဏာသိမ်းပြီး ၁ လကျော်အကြာ ရန်ကုန်မြို့မှာအခြေစိုက်တဲ့ ကမာရွတ်မီဒီယာရဲ့ ရုံးကိုစစ်ကောင်စီတပ်က ဝင်စီးပြီး ဦးဟံသာညိန်းနဲ့အယ်ဒီတာချုပ် ဦးနေသန်မောင်တို့ကို ဖမ်းဆီးခဲ့တာပါ။
သူတို့ ၂ ဦးကို စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခဲ့ပြီး အင်းစိန်ထောင်ပို့ခဲ့ပါတယ်။
အမေရိကန်နိုင်ငံသား ဖြစ်သူ ဦးနေသန်မောင်ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမယ့် ဦးဟံသာညိန်းကိုတော့ ဆက်လက် အကျဉ်းချခဲ့ပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်သတင်းမီဒီယာတိုက်တွေကို လိုင်စင်သိမ်းတာ ၊ သတင်းမီဒီယာသမားတွေကိုဖမ်းဆီးတာတွေလုပ်ခဲ့တာပါ။
ရှမ်းပြည်နယ် ၊တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျ ကို ပဲခူးတိုင်း ၊ကြို့ပင်ကောက်မြို့နယ်အတွင်း တိမ်းရှောင်နေထိုင်နေချိန် စစ်ကောင်စီတပ်ဟာ မနေ့က ဒီဇင်ဘာလ ၂၅ ရက်မှာ ဖမ်းဆီးခဲ့ပါသေးတယ်။
