ကေအဲန်ယူ-ဘီးလင်းမြို့နယ်အတွင်းမှာရှိတဲ့ ဝင်းတာပန်တပ်စခန်းကို ကေအဲန်ယူလက်အောက်ခံတပ်တွေ လာရောက်ပစ်ခတ်ရင် ကျေးရွာထဲကို ပြန်ပစ်မယ်လို့ စစ်ကောင်စီရဲ့တပ်ခွဲမှူးတစ်ဦးက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကေအဲန်ယူ-သထုံခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ကေအဲန်ယူထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ် ဝင်းတာပန်(တာပေါ)ကျေးရွာထဲမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်ခွဲမှူးက ပြီးခဲ့တဲ့ဩဂုတ်(၁)ရက်နေ့က ကျေးရွာရပ်မိရပ်ဖတွေကို အစည်းအဝေးခေါ်ယူပြီး အခုလိုခြိမ်းခြောက်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
ဝင်းတာပန်ကျေးရွာမှာ စခန်းချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စကခ(၈) ပိန္နဲတောလက်အောက်ခံ ခမရ(၄၁၀)တပ်ရင်းကဖြစ်ပြီး စခန်းမှူးတာဝန်ကို တပ်ခွဲမှူးဖြစ်တဲ့ မျိုးကျော်မြင့်ကဦးဆောင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။
ဝင်းတာပန်စစ်ကောင်စီစခန်းဟာ ကေအဲန်ယူ-ဘီးလင်းမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းမှာ တပ်စွဲထားတာကြောင့် ကေအဲန်ယူလက်အောက်ခံတပ်တွေနဲ့ မကြာခဏ ထိတွေ့ပစ်ခတ်မှုတွေရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်(၃၁)ရက် ညပိုင်းအချိန်ကလည်း အဆိုပါစစ်ကောင်စီခန်းကို ကေအဲန်ယူလက်အောက်ခံတပ်တွေက သွားရောက်ပစ်ခတ်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီစခန်းမှူးက ရွာသားတွေကို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်ပါတယ်။
