ဇောတိကစီမံကိန်းမှသွယ်တန်းထားသည့် ထိုင်း-မြန်မာဓာတ်ငွေ့ပိုက်လိုင်း မိုင်းခွဲခံရခြင်းမရှိဟု ထိုင်းအစိုးရပိုင် PTTEPကုမ္ပဏီကဩဂုတ်-၁ ရက်တွင်ထုတ်ပြန်သည်။
ထိုစီမံကိန်း၏ ကုန်းပေါ်ရှိ ဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်ခြင်းသာဖြစ်ပြီး ထိုသို့ ယို့စိမ့်ခြင်းကြောင့် ဓာတ်ငွေ့ပိုက်လိုင်းအတွင်းဖိအားလျော့သွားခြင်းဖြစ်သည်ဟုလည်းထိုင်းကုမ္ပဏီကဆိုသည်။
ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် ဇောတိကစီမံကိန်းမှ ထိုင်းနိုင်ငံသို့သဘာဝဓာတ်ငွေ့ပို့လွှတ်မှု ယာယီရပ်ဆိုင်းရမည်ဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်း အန္တရာယ်ကင်းစွာပြန်လည်ပတ်နိုင်ရန် သီတင်းနှစ်ပတ်ခန့်အချိန်ယူရမည်ဟုလည်း ထိုင်းကုမ္ပဏီကထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်ကို ကြိုတင်ဆန်းစစ်ချက်အရ ဗုံးပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ပေါက်ကွဲခြင်းမဟုတ်ကြောင်း ထိုင်းကုမ္ပဏီက ဗုံးပေါက်ကွဲသည်ဆိုသောသတင်းများအပေါ်ငြင်းဆိုသည်။
အဆိုပါဓါတ်ငွေ့ပိုက်လိုင်းသည် ရေဖြူမြို့နယ်၊မိကျောင်းလှောင်းရွာအနီး နတ်အိမ်တောင်အနီးတွင်ယမန့်နေ့မနက် ၃နာရီခန့်ကပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုPeople’s Spring ၏ သတင်းရင်းမြစ်အချို့ကပြောသည်။
ပိုက်လိုင်းပေါက်ကွဲမှုများအပြီးတွင် ကုမ္ပဏီဝန်ထမ်းများနှင့် စစ်ကောင်စီတပ်၏ မောရဝတီရေတပ်စခန်းမှ စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လာ၍စစ်ဆေးနေသည်ဟု ဒေသခံအချို့ကပြောသည်။
ထိုင်းPTTEPကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲတွင်လည်း ဇွန် ၂၂ ရက်က ဗုံးပေါက်ကွဲဖြစ်ပွားခဲ့သေးသည်။
