စစ်ကောင်စီ၏ စစ်သံမှူးကို ချက်ချင်းနှင်ထုတ်၍ မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) သို့လွှဲပေးနိုင်ရေး အားပေးထောက်ခံရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးထံအရပ်ဘက်အဖွဲ့အစည်း ၃၀ က အိတ်ဖွင့်ပေးစာပို့ တောင်းဆိုသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းသည် ပိုမိုဆိုးရွားနက် ရှိုင်းလာပြီး စစ်တပ်၏ လူမဆန်ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကို တားဆီးရန် ချက်ချင်း အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန် Myanmar Unity Movement နှင့် အရပ်ဘက်အဖွဲ့အစည်း ၂၉ ဖွဲ့က တောင်းဆိုထားခြင်းဖြစ်သည်။


တိကျပြတ်သားသော ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သံမှူး ဗိုလ်ကြီးစိုးအောင်ကို ဗြိတိန်မှ ချက်ချင်းနှင်ထုတ်ရန်လိုအပ်ပြီး အရေးယူဆောင်ရွက်မှု ၅ ရပ်ကိုလည်း အကောင်အထည်ဖော်ရန် တောင်းဆိုထားသည်။
အကြမ်းဖက်စစ်ကောင်စီအတွက် တာဝန်ထမ်းဆောင်နေသော စစ်သံမှူးဗိုလ်ကြီးစိုးအောင်က ဗြိတိန်ရှိ မြန်မာအသိုင်းအဝိုင်းအတွက် ခြိမ်းခြောက်မှုဖြစ်ပြီး ၎င်း၏တည်ရှိမှုသည် လူမဆန်သော စစ်တပ်ကို တရားဝင်မှုပေးနေသည့်သဘောသက်ရောက်ကြောင်းလည်း အိတ်ဖွင့်ပေးစာ၌ ဖော် ပြသည်။
ထို့အပြင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနှင့်ပတ်သက်၍ စစ်ကောင်စီကို အရေးယူနိုင်ရေး ဗြိတန်က အားပေးထောက်ခံမည်ဟု ကြေညာရန်၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ လွှဲပေးနိုင် ရေး အားပေးထောက်ခံမည်ဟု ကြေညာရန်၊ စစ်တပ်ကို လေယာဉ်ဆီထောက်ပံ့သူများကို ပိတ်ဆို့ဒဏ် ခတ်ရေး၊ မြန်မာစစ်တပ်ကိုလက်နက်ထောက်ပံ့နေသည့် ပါကစ္စတန်၊ အိန္ဒိယ၊ တရုတ်၊ ရုရှားကဲ့သို့ သော နိုင်ငံများကို ပိုမိုဖိအားပေးရေး မဟာမိတ်များနှင့်ပူးပေါင်းလုပ်ဆောင်ရန်၊ မြန်မာပြည်သူများ၏ ဆန္ဒကို အသိအမှတ်ပြုရေး NUG အစိုးရကို အားပေးထောက်ခံရန် အချက် ၅ ချက်ကို လည်း တောင်းဆိုထားသည်။
