ထိုင်းအစိုးရပိုင်ရေနံကုမ္ပဏီ PTTEP၏ မြန်မာ-ထိုင်း သဘာဝဓာတ်ငွေ့ပိုင်း ယနေ့ မနက်အစောပိုင်းက ဗုံးခွဲခံရကြောင်း ဒေသခံအချို့ကပြောသည်။
ဓါတ်ငွေ့ပိုက်လိုင်းသည် ရေဖြူမြို့နယ်၊မိကျောင်းလှောင်းရွာအနီး နတ်အိမ်တောင်အနီးတွင်ယမန့်နေ့မနက် ၃နာရီခန့်က ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟုမျက်မြင်တွေ့ရှိသူအချို့ကကပြောသည်။
ပိုက်လိုင်းပေါက်ကွဲမှုများအပြီးတွင် ကုမ္ပဏီဝန်ထမ်းများနှင့် စစ်ကောင်စီတပ်၏ မောရဝတီရေတပ်စခန်းမှ စစ်ကောင်စီတပ်များ အင်အားအများအပြားဖြင့် လာ၍စစ်ဆေးနေသည်ဟု ဒေသခံအချို့ကပြောသည်။
မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့မှ ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့အဓိကပို့လွှတ်နေသည့်ပိုက်လိုင်းဖြစ်ပြီးတနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကန်ဘောက်ဒေသရှိ ပိုက်လိုင်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းသို့ သဘာဝဓါတ်ငွေ့တင်ပို့ရောင်းချရာမှအာဏာသိမ်းစစ်ကောင်စီအတွက် အဓိကဝင်ငွေရရှိနေသောလုပ်ငန်းလည်းဖြစ်သည်။
PTTEPကုမ္ပဏီသည် မုတ္တမရှိ မြန်မာ့ကမ်းလွန်တွင် ဇောတိကသဘာဝဓာတ်ငွေ့စီမံကိန်းကို ဦးဆောင်လုပ်ကိုင်ခွင့်ရထားသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး ရဲတံခွန်နှင့် ရတနာစီမံကိန်းတို့တွင်လည်း ရှယ်ယာများပိုင်ဆိုင်ထားသည့် ကုမ္ပဏီဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီကြောင့် ပြန်လည်ထွက်သွားသည့် နိုင်ငံခြားရေနံကုမ္ပဏီများ၏ ရှယ်ယာများကိုလည်း ဆက်လက်ရယူလုပ်ကိုင်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။
ထိုင်းPTTEPကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲတွင်လည်း ဇွန် ၂၂ ရက်က ဗုံးပေါက်ကွဲဖြစ်ပွားခဲ့သေးသည်။
