ကလေးမြို့၊ နည်းပညာတက္ကသိုလ်မှ မြို့တောင်ပိုင်းသို့စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာစစ်သား၁၀ဦးကျော်သေဆုံးခဲ့ကြောင်းPDF(ကလေး)က ယနေ့ထုတ်ပြန်သည်။
အင်အား ၂၀၀ခန့်ပါသည့် စစ်ကောင်စီတပ်ကို ကလေးမြို့တောင်ပိုင်း၊သာယာကုန်းရွာအနီးတွင်ယနေ့(ဩဂုတ် ၂ ရက်) နံနက် ၆နာရီခွဲမှညနေ ၃နာရီအထိဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား၁၀ဦးကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟုလည်းဖော်ပြထားသည်။ ကြ္းဖြတ်အတိုက်ခံရသဖြင့် စစ်ကောင်စီတပ်ကလည်းနည်းပညာတက္ကသိုလ်ထဲမှသာယာကုန်းရွာထဲသို့ လက်နက်ကြီးများ မနားတမ်းရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု PDF(ကလေး)ကအသိပေးသည်။
စစ်ကောင်စီတပ်က သေဆုံးသွားသည့် ရုပ်အလောင်းများနှင့် လူနာများကို နည်းပညာတက္ကသိုလ်ထဲကို ပြန်လည်ဆွဲယူသွားပြီး ကလေးမြို့ထဲသို့ လူနာတင်ယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားသည်ဟု PDF(ကလေး)ကထုတ်ပြန်သည်။
“ကလေးမြို့နယ်တောင်ပိုင်းတွင် PDF- kalay ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များနဲ့ စကစများ တိုက်ပွဲများပြင်းထန်နေပြီး မွမ်းခါး(မုန့်ဟင်းခါး)များများ ချက်ပြုတ်နေပါတယ်။ ကျွန်တော်တို့ PDF Kalay ရဲဘော်များနဲ့ မဟာမိတ်ရဲဘော်များဘေးကင်းဖို့ အထူးသတိရဆုတောင်းပေးကြပါအုံးခင်ဗျာ။ အလှူရှင်များလိုအပ်နေပါတယ်”ဟု PDF(ကလေး) တပ်ရင်းမှ ရဲဘော်တစ်ဦးက ၎င်း၏ လူမှုကွန်ယက်ပေါ်တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်ကို PDF(ကလေး)၏ တပ်ရင်း ၁၊ ၂၊ ၅၊ ၆ ၊ ပကဖ (ကလေး) ၊ RKDF၊ CNF နှင့် CDF(KKG)တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီတပ်သည် မွန်းလွှဲ ၂နာရီခန့်က သာယာကုန်းရွာမှ အပြစ်မဲ့ပြည်သူ ၁၀ ဦးကို ဖမ်းဆီးသွားပြီး တစ်ဦးကို ပစ်သတ်ခဲ့ကြောင်္လည်း PDF(ကလေး)ကထုတ်ပြန်သည်။
လက်ရှိတွင် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကို မော်တော်ယာဉ်များသွားလာခြင်းမပြုရန်လည်း PDF(ကလေး)ကသတိပေးထားသည်။
