မြဝတီ-ဝေါ်လေကားလမ်းမပေါ်မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်(၂၈)ရက်နေ့ မြဝတီ-ဝေါ်လေ ကားလမ်းမ သုံးထပ်ကွေ့အနီးရှိ တောင်ကြောများပေါ်ကို နေ့စဉ်ရက်ဆက် ကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းတို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကာ ကော်ဘရာဘက်က စစ်သည်တော်တစ်ဦး ကျဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီကနေ့ဇူလိုင်(၂၉)ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး သုံးထပ်ကွေ့အနီး သောင်ရင်းမြစ်ဘက်အခြမ်းမှာ နယ်မြေကျူးကျော်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်နဲ့ကော်ဘရာစစ်ကြောင်းတို့အကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွါးခဲ့တာပါ။
ဒီကနေ့တိုက်ပွဲမှာ ကော်ဘရာဘက်က ထိခိုက်မှုမရှိပဲ စစ်ကောင်စီဘက်က ခမရ(၂) ဗိုလ်ကြီးတစ်ဦးနဲ့အခြားအဆင့်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးအပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြန်လည်ဆုတ်ခွါသွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
